ဝန်ကြီးဌာန ၁၂ ခုဖြင့်ဖွဲ့စည်းထားသည့် တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေး ကော်မတီ၏  တည်ဆောက်ရေးလုပ်ငန်း စိစစ်ဆောင်ရွက်မှု သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ ကျင်းပ

 

ဝန်ကြီးဌာန ၁၂ ခုဖြင့်ဖွဲ့စည်းထားသည့် တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေး ကော်မတီ၏  တည်ဆောက်ရေးလုပ်ငန်း စိစစ်ဆောင်ရွက်မှု သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ ကျင်းပ

 

နေပြည်တော်  ဩဂုတ်  ၂၁

      ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန အသီးသီးက ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျဖြစ်စေရန်နှင့် ခွင့်ပြုရန်ပုံငွေများကို ထိရောက်စွာ အသုံးပြုနိုင်စေရန်အတွက် တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီ၏ တည်ဆောက်ရေး လုပ်ငန်းစိစစ်ဆောင်ရွက်မှု သင်တန်းအမှတ်စဉ်(၁)  သင်တန်းဆင်းပွဲကို  ယနေ့နံနက်ပိုင်းတွင်  နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုဝေး ခန်းမ၌ကျင်းပရာ တည်ဆောက်ရေး လုပ်ငန်း  စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယ ဝန်ကြီး ဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကော်မတီ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ထမ်းအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် ဝန်ကြီးဌာနများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ  တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေး ဆပ်ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာန ၁၂ ခုမှ သင်တန်းသား၊ သင်တန်းသူ  ၃၆  ဦးကို ရက်သတ္တလေးပတ်ကြာ    သင်တန်းပို့ချခဲ့ရာ ယနေ့တွင် အောင်မြင်စွာ ပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များ၊ မူဝါဒများ၊ ကော်မတီသို့ တင်ပြရာတွင် ပါဝင်ရမည့်   အချက်အလက်များနှင့် လုပ်ငန်းစဉ်များ၊ ရန်ပုံငွေခွဲဝေခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် လွှဲပြောင်း သုံးစွဲခြင်းဆိုင်ရာ   လုပ်ငန်းစဉ်များ၊ မြို့ပြလုပ်ငန်းများ အတွက် ခန့်မှန်းခြေစာရင်း ရေးဆွဲခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မုန်တိုင်းနှင့် ငလျင်ဒဏ်ခံ အဆောက်အအုံများအတွက် နည်းပညာဆိုင်ရာ အကြံပြုချက်များ၊ လျှပ်စစ် / ရေသန့်ပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဗိသုကာပိုင်းဆိုင်ရာ  ဒီဇိုင်းပုံစံထုတ်ခြင်း အခြေခံအချက်များ၊  လုပ်ငန်းအရည်အသွေး ထိန်းသိမ်းခြင်းဆိုင်ရာ  လုပ်ငန်းစဉ်များနှင့် စံချိန်စံညွှန်းများ၊ ရုံးတိုးချဲ့ခြင်းများအတွက် Master Plan နှင့် ရုံးအဆောက်အအုံပုံစံများ တည်ဆောက်ရာတွင် လိုက်နာဆောင်ရွက် ရမည့်   မူဝါဒအကြောင်းအရာများကို ဆွေးနွေးပို့ချ ပေးနိုင်ခဲ့ကြောင်း  ‌ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသား တစ်ဦးကို     သင်တန်းဆင်း လက်မှတ်များ ပေးအပ်ပြီး သင်တန်းသား တစ်ဦးက   ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။