တရားမဝင်ကုန်သွယ်မှုပပျောက်ရေး

တရားမဝင်ကုန်သွယ်မှုပပျောက်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည်    မေလ ၁၅ ရက်ကကျင်းပသည့်    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၄) သို့     တက်ရောက်အမှာစကားပြောကြားစဉ် တရားမဝင်ကုန်သွယ်မှုများကြောင့် နောက်ဆုံးအဆင့်အနေဖြင့် တိုက်ရိုက်ထိခိုက်နစ်နာသူများသည် စားသုံးသူပြည်သူများဖြစ်သည့်အပြင်   ကိုယ်တိုင်ထုတ်လုပ်သည့်    တိုင်းရင်းသားလုပ်ငန်းရှင်များသည်လည်း တိုက်ရိုက်သော်လည်းကောင်း၊   သွယ်ဝိုက်သော်လည်းကောင်း  ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ပါကြောင်း၊ ထို့ကြောင့်  ယင်းဖြစ်စဉ်များ မဖြစ်ရအောင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီနှင့်     ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင်ရှိသည့်  အထူးတိုက်ဖျက်ရေး အဖွဲ့များကလည်း တရားမဝင်ကုန်သွယ်မှုများကို လုံးဝကင်းစင် ပပျောက်သည်အထိ အစိုးရနှင့် ပြည်သူလက်တွဲပြီး  ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် သယံဇာတပေါကြွယ်ဝပြီး စိုက်ပျိုးရေးကို အဓိကအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် သယံဇာတထုတ်ကုန်များနှင့် စိုက်ပျိုးရေးထွက်ကုန်များကို အဓိကထားပြီး ထုတ်လုပ်တင်ပို့လျက်ရှိသည်။  နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ  ကုန်သွယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်၏ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးကို  များစွာ အနှောင့်အယှက်အဟန့်အတား ဖြစ်ပေါ်လျက်ရှိသည်။   တရားမဝင်ကုန်သွယ်မှုများကြောင့် အခွန်ဘဏ္ဍာများစွာ ဆုံးရှုံးခြင်း၊  နိုင်ငံ၏လူမှုစီးပွားရေးကဏ္ဍများအပေါ်   အပြုသဘောမဆောင်သည့် သက်ရောက်မှုများစွာ ရှိနေခြင်းများကြောင့်   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ရာတွင် အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင် နှင့်စားသုံးသူပြည်သူတို့က   အဓိကဖြစ်သည်။  အစိုးရအနေဖြင့်  နိုင်ငံ့ဝင်ငွေတိုးတက် ရရှိစေရေးအတွက် အကောက်ခွန်နှင့် ရသင့်ရထိုက်သည့် အခွန်အခများ ဆုံးရှုံးမှုမရှိစေရေး၊     ပြည်သူများအတွက် ဘေးကင်းစိတ်ချရသည့် ကုန်စည်များအတွက် အာမခံချက်ပေးနိုင်ရေးတို့ဖြစ်ပြီး တရားမဝင်ကုန်စည်များ လျော့နည်းပပျောက်ရေး၊ နောက်ဆုံးအနေဖြင့်တရားမဝင်ကုန်သွယ်မှုကို လုံးဝကင်းစင်ပပျောက်သည်အထိ တိုက်ဖျက်ရေးတို့ကို အစိုးရအနေဖြင့် ဦးတည်ဆောင်ရွက်လျက်ရှိသည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် တရားဝင်ပို့ကုန်ပမာဏကျဆင်းပြီး နိုင်ငံခြားသုံးငွေဝင်ရောက်မှု ကျဆင်းစေခြင်း၊ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ငွေပေးချေမှုများ ပြုလုပ်နေခြင်းကြောင့် မှောင်ခိုငွေကြေးဈေးကွက်ဖြစ်ပေါ်စေခြင်း၊ နိုင်ငံတော်၏ ရငွေ/သုံးငွေစာရင်းအမှန်များ တွက်ချက်ရန် အခက်အခဲများ ဖြစ်စေခြင်းနှင့်   အကျိုးဆက်အားဖြင့်  မှန်ကန်သည့်ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာမူဝါဒများ ချမှတ်နိုင်ရေးအပေါ်    အဟန့်အတားအနှောင့် အယှက်ဖြစ်စေသည်။  ထို့ပြင် တရားမဝင်ကုန်သွယ်မှုများကြောင့် တရားဥပဒေစိုးမိုးရေး အပေါ်တွင်လည်း သက်ရောက်မှုရှိကြောင်း တွေ့ရှိရပြီး နိုင်ငံ့ဝန်ထမ်းများ အကျင့်ပျက်ခြစားခြင်း၊ အဂတိလိုက်စားမှု တွန်းပို့စေကာ  အကျင့်စာရိတ္တအားနည်းလာစေခြင်းမှတစ်ဆင့် အုပ်ချုပ်မှုယန္တရားကို ထိခိုက်နိုင်မည်ဖြစ်ပေသည်။

တရားမဝင်ကုန်သွယ်မှုများကြောင့်  ကုန်ထုတ်လုပ်မှုနှင့် စားသုံးသူပြည်သူများအတွက် အကျပ်အတည်း ဖြစ်ပေါ်စေခြင်းအပြင်  စီးပွားရေး လုပ်ငန်းများ အနေနှင့်လည်း  ဈေးကွက်ကမောက်ကမ ဖြစ်ခြင်းကြောင့် လုပ်ငန်းများ မတိုးချဲ့နိုင်ခြင်းနှင့် ရပ်ဆိုင်းခြင်းတို့ ဖြစ်ပေါ်လာစေပြီး  ထိုမှတစ်ဆင့် ပြည်တွင်းတွင်  အလုပ် လက်မဲ့ဦးရေမြင့်တက်လာပေမည်။ ပြည်ပနိုင်ငံများသို့သွားရောက်လုပ်ကိုင်ကြသည့်အတွက် ပြည်တွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ၌ လုပ်အားများ လျော့နည်းသွားနိုင်ခြင်းနှင့်အတူ ကုန်ထုတ်လုပ်မှုများလျော့ကျလာပြီး ပြည်တွင်းတွင်  စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်လာကာ နိုင်ငံ၏လူမှုစီးပွားရေးကဏ္ဍများအပေါ်  များစွာ အကျိုးသက်ရောက်မှု ရှိလာပေမည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ   တရားမဝင်ကုန်သွယ်မှုကြောင့်  ကမ္ဘာ့နိုင်ငံများအနေဖြင့် အရပ်ရပ်သောဝင်ငွေများ ဆုံးရှုံးမှုသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၂ ထရီလီယံကျော်ခန့်ရှိသည်။ စိုက်ပျိုးရေးထုတ်ကုန်ဆိုင်ရာ  တရားမဝင် ကုန်သွယ်မှုတန်ဖိုးမှာ နှစ်စဉ်အမေရိကန်ဒေါ်လာ ၃၀ မှ ၄၀ ဘီလီယံကြားနှင့် တရားမဝင်ဆေးဝါးများကြောင့် ကလေးသူငယ်များ အသက်ဆုံးရှုံးခြင်းအပြင် တရားမဝင်ဓာတုဆေးဝါးများကြောင့်လည်း သဘာဝသယံဇာတ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေကာ ကမ္ဘာပေါ်ရှိနိုင်ငံများစွာကို ခြိမ်းခြောက်လျက် ရှိကြောင်းကိုလည်း ဖော်ပြထားသည်။ အာဆီယံဒေသ အတွင်းသို့ တရားမဝင်ဝင်ရောက် လာသည့် ကုန်ပစ္စည်းအတုအပများသည်  နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံခန့်ရှိပြီး ဆေးဝါးအတု များအနေဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံခန့်ရှိကြောင်း၊  စီးပွားရေးအရနစ်နာ ဆုံးရှုံးမှု အနေဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့်ရှိကြောင်း လေ့လာတွေ့ရှိရသည်။ အနှစ်ချုပ်ဆိုရသော်   တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများသာမက   တရားမဝင်တင်ပို့မှုများကိုပါ ထိထိရောက်ရောက် တားဆီး၊   ဖမ်းဆီးပြီး ဥပဒေနှင့်အညီ  စနစ်တကျဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။