ခေါင်းကိုက်တိုင်း စိတ်ပူစရာလိုလား

ခေါင်းကိုက်တိုင်း စိတ်ပူစရာလိုလား

ကျွန်မတို့အားလုံး ခေါင်းကိုက်ဝေဒနာကို တစ်ခါမဟုတ်  တစ်ခါတော့  ခံစားဖူးကြပါတယ်။ ပါရာ စီတမောသောက်ရုံနဲ့ သက်သာပျောက်ကင်းကြတာများပါတယ်။ ဆေးမသောက်ဘဲ သက်သာသွားတာ လည်းရှိပါတယ်။ ဒါပေမဲ့ ဝေဒနာပြင်းထန်ပြီး ရက်ကြာရှည်လာရင်တော့ စိတ်ပူလာကြစမြဲပါ။ အများစု ကတော့ ဦးနှောက်အကျိတ်ဖြစ်မှာကို ပူပန်ကြတာများပါတယ်။ တကယ်တော့ ခေါင်းကိုက်ဝေဒနာက လူအများကြားမှာ အဖြစ်များတဲ့ဝေဒနာတစ်ခုဖြစ်ပြီး ၉၀ ရာခိုင်နှုန်းလောက်က ခေါင်းကိုက်ဝေဒနာ ခံစားဖူးကြပါတယ်။ ခေါင်းကိုက်ဝေဒနာ ခံစားရသူတွေရဲ့တစ်ဝက်က ပြင်းထန်တဲ့ဝေဒနာကို ခံစားကြ ရသလို လေးပုံတစ်ပုံလောက်ကလည်း မကြာခဏ ခေါင်းကိုက်ဝေဒနာခံစားကြရပါတယ်။

ဦးနှောက်အာရုံကြောရောဂါတွေဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ (Meningitis)၊ ဦးနှောက် အသားရောင်ရောဂါ (Encephalitis)၊  ဦးနှောက်အကျိတ် (Brain Tumor)၊ သွေးတိုး ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရလို့ ဦးနှောက်ထဲသွေးယိုစီးတဲ့ရောဂါတွေမှာ ခေါင်းကိုက်ဝေဒနာ ပြင်းထန်စွာ ခံစားကြ ရပါတယ်။ ဦးနှောက်အတွင်း အလုံးအကျိတ်တွေ၊ သွေးခဲတွေ၊ ဦးနှောက်ရောင်ရမ်းမှု တွေကြောင့် ဦးနှောက်ထဲမှာ ဖိအားမြင့်တက်လာပြီး ခေါင်းကိုက်ဝေဒနာနဲ့အတူ အန်တာ၊ သတိမေ့တာ၊ တက်တာ၊ ခြေလက်အားနည်းတာတွေပါ ပူးတွဲခံစားရတတ်ပါတယ်။ လူနာရော ဆရာဝန်တွေကပါ ဦးနှောက်တွင်း ဖိအားများတဲ့ လက္ခဏာတွေရှိလာပြီဆိုရင် စနစ်တကျရောဂါရှာဖွေတာ၊ ကုသတာတွေ ဆောင်ရွက်ဖို့ လိုပါတယ်။

ဆရာဝန်စမ်းသပ်ချိန်မှာလည်း ဦးနှောက်အမြှေးရောင်လက္ခဏာနဲ့ ခြေလက်တစ်ခြမ်း မလှုပ်နိုင်တာ၊ သတိလျော့တာတွေရှိရင်တော့ အရေးကြီးပါတယ်။ ဒါပေမဲ့ ခေါင်းကိုက်တိုင်း ရောဂါရှိလို့တော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်အောက်ပိုင်း ခွဲစိတ်ကုသဖို့ ခါးဆစ်ရိုးထုံဆေးပေးထားတဲ့ လူနာတွေမှာလည်း အခန့်မသင့်ရင်  ခါးဆစ်ရိုးကနေ   ဦးနှောက်အရည်စိမ့်ထွက်မှုကြောင့်  ဦးနှောက်တွင်း  ဖိအားလျော့နည်း သွားပြီး ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ အိပ်ရာမှ ထလိုက်ချိန် ပြင်းထန်စွာခံစားရပြီး လမ်းမလျှောက်နိုင်ဖြစ်တတ်ပါတယ်။ လိုအပ်တဲ့ ကုထုံးတွေပေးလိုက်ရင်တော့ ရက်ပိုင်းအတွင်း   ပြန်လည် သက်သာသွားတတ်ပါတယ်။ နားအတွင်း ပိုးဝင်ရောင်ရမ်းတာ၊ မျက်နှာနဲ့ဦးခေါင်းခွံရိုးတွေ ထဲက အခေါင်းပွလေအိတ်တွေ ပိုးဝင်ရောင်ရမ်းတာ၊ သွားနာတာ၊ မျက်လုံး ရေတိမ်ဖိအားများ တာတွေကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။ တစ်ခါတစ်ရံ နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေးဖြစ်ရင် တောင် ခေါင်းကိုက်ဝေဒနာခံစားကြရပါတယ်။

ငှက်ဖျား၊ အဆုတ်ရောင်၊ အူရောင် စတဲ့ ခန္ဓာကိုယ်တွင်း ပိုးဝင်ရောင်ရမ်းမှုတွေရှိရင်လည်း အဖျား ဝေဒနာနဲ့အတူ ခေါင်းကိုက်ဝေဒနာကိုပါ ခံစားကြရပါတယ်။ သွေးပေါင်တက်လာချိန်၊ ကွန်ပျူတာနဲ့ ဖုန်းအသုံးများချိန်၊ စာဖတ်များချိန်တွေမှာလည်း ဇက်ကြောတက်၊ ခေါင်းထိုးနိုင်သလို လည်ပင်း ကျီးပေါင်းရှိတာ၊ လည်ပင်းကြောညပ်တာတွေကလည်း ဒီလို ဝေဒနာတွေ ခံစားရစေပါတယ်။   အသက်ကြီးသူတွေမှာ နားထင်မှာရှိတဲ့ သွေးကြောရောင်ရမ်းခြင်း (Temporal Arteritis) ကြောင့် ခေါင်းကိုက်ဝေဒနာ ပြင်းထန်စွာခံစားရပြီး ရုတ်တရက် မျက်စိကွယ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းရောဂါ၊   သွေးတိုးရောဂါအတွက် သောက်နေတဲ့ သွေးကြောချဲ့ဆေးတွေကလည်း ဦးနှောက်သွေးကြောတွေ ကျယ်ပြီး ခေါင်းကိုက်ဝေဒနာခံစားရစေပါတယ်။ ခေါင်းကိုက်တိုင်း အကိုက် အခဲပျောက်ဆေးတွေ မကြာခဏသောက်တဲ့ အကျင့်ကြောင့် ခေါင်းပြန်ကိုက်ရတဲ့ Analgesic induced headache ကိုလည်း သတိထားဖို့လိုပါတယ်။

ခေါင်းကိုက်ဝေဒနာက အရေးကြီးတဲ့ရောဂါတွေကြောင့် ဖြစ်တတ်တယ်ဆိုပေမယ့် လူနာအများစုက သာမန်ရောဂါတွေကြောင့်သာ ခေါင်းကိုက်ကြရတာများပါတယ်။ အထူးသဖြင့် ကျောင်းစာဖိစီးနေတဲ့ ကျောင်းသားတွေ၊ လုပ်ငန်းခွင်ဖိစီးမှုများတဲ့ လူလတ်ပိုင်းတွေ၊ မိသားစုအိမ်တွင်းရေး ပြဿနာတွေ ကြောင့် စိတ်ဖိစီးမှုခံစားရတဲ့သူတွေမှာ စိတ်ဖိစီးမှုကြောင့် ဦးခေါင်းတစ်ဝိုက်ကြွက်သားတွေ တောင့်တင်း ပြီးဖြစ်ရတဲ့  ခေါင်းကိုက်ဝေဒနာ  (Tension headache)  ကို ခံစားကြရပြီး ခေါင်းတစ်ခုလုံးစည်းထား သလို တင်းကျပ်ကိုက်ခဲနေတယ်လို့ ပြောတတ်ကြပါတယ်။ သာမန်အကိုက်အခဲ ပျောက်ဆေးတွေ ပေးလည်း မသက်သာတတ်လို့ ဆရာဝန်တွေအနေနဲ့ တခြားအရေးကြီးတဲ့ရောဂါတွေများလားလို့ တွေးမိ တတ်ပါတယ်။ တစ်ခါတစ်ရံ ဦးနှောက်ကွန်ပျူတာဓာတ်မှန်ရိုက်ကြည့်ပြီး ရောဂါကြီးတွေမရှိကြောင်း ရှင်းပြဖြေသိမ့်ပေးရပါတယ်။ စိတ်ဖိစီးမှုလျှော့ချတဲ့ နည်းလမ်းတွေဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားကစားတာ၊ သီချင်းနားထောင်တာ၊ ပုတီးစိပ်၊ တရားထိုင်တာ၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ သွားလာတာတွေ လုပ်ပေးဖို့ အကြံပြုလိုပါတယ်။ လိုအပ်ရင်တော့ စိတ်ကိုကုတဲ့ဆေးတွေလည်း ဖြည့်စွက် ပေးရတတ်ပါတယ်။

ခေါင်းကိုက်ဝေဒနာ ခံစားရသူတွေရဲ့ ၆၀ ရာခိုင်နှုန်းက Migraine လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်း ကိုက်ရောဂါ နဲ့ Tension headache  လို့ခေါ်တဲ့ စိတ်ဖိစီးမှုကြောင့်ဖြစ်ရတဲ့ ခေါင်းကိုက်ရောဂါတွေ ဖြစ်ကြပါတယ်။ Migraine လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါက သက်ငယ်၊ သက်လတ်ပိုင်း အမျိုးသမီးတွေမှာ အဖြစ်များ ပါတယ်။ ခေါင်းကိုက်တာနဲ့အတူ မျက်စိအမြင်ဝါးလာတာ၊ ပျို့ချင်၊ အန်ချင်တာပါ တွဲဖြစ် တတ်ပြီး တချို့လူနာတွေမှာ မျက်စိသိပ်မလှုပ်နိုင်တာ၊ မျက်ခွံကျတာ၊ ကိုယ်လက် တစ်ခြမ်းအားနည်း တာတွေပါ ပူးတွဲခံစားရတတ်ပါတယ်။

ဦးနှောက်တွင်း အလုံးအကျိတ်ရှိလို့ဖြစ်ရတဲ့ လက္ခဏာတွေနဲ့မတူတဲ့ အချက်ကတော့ ခေါင်းကိုက် သက်သာ သွားချိန်မှာ တွဲဖက်ဝေဒနာတွေလည်း လျော့သွားတာပါပဲ။ စိတ်ဖိစီးမှုများတာ၊ အိပ်ရေး မဝတာ၊ ဗိုက်ဆာတာတွေကြောင့် ခေါင်းကိုက်ဝေဒနာပိုခံစားရနိုင်သလို ကဖင်းဓာတ်များတဲ့ အစားအစာ၊ ချောကလက်၊ အနီရောင်ဝိုင်၊ ဒိန်ခဲ၊ သစ်သီး၊ အစေ့အဆန်တွေစားရင်လည်း ပိုဆိုးနိုင်ပါတယ်။ တာရှည် ခံအောင် ဓာတုပစ္စည်းတွေထည့်ထားတဲ့ စားစရာတွေက ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို ပိုခံစားရစေ ပါတယ်။ အမျိုးသမီးငယ်တွေအနေနဲ့ ဓမ္မတာလာခါနီးမှာ ပြင်းထန်စွာခေါင်းကိုက်တာ ခံစားကြရပါတယ်။

အမျိုးသားတွေမှာအဖြစ်များတဲ့ Cluster head-ache လို့ခေါ်တဲ့ ခေါင်းကိုက်ရောဂါကတော့ မျက်ရည်၊ နှာရည်ကျတာ၊ နှာခေါင်းပိတ်တာတို့နဲ့ တွဲနေတတ်ပြီးအိပ်ရာက လန့်နိုးတဲ့အထိတောင် ခံစားရတတ် ပါတယ်။ ဝေဒနာလည်း ပြင်းထန်ပါတယ်။ ဒီခေါင်းကိုက် ဝေဒနာတွေကတော့ ဟော်မုန်း အပြောင်းအလဲ တွေဖြစ်ပြီး ဦးနှောက်နဲ့ အာရုံကြောအတွင်းမှာရှိတဲ့ ဓာတ်သဘာဝအပြောင်းအလဲကြောင့် ဦးခေါင်းတွင်း မှာရှိတဲ့ သွေးကြောလေးတွေ ရုတ်တရက်ကျဉ်းခြင်း၊ ကျယ်ခြင်းတို့ကြောင့် ဖြစ်ရတာဖြစ်ပါတယ်။

အခုပြောတဲ့ ခေါင်းကိုက်ဝေဒနာတွေကိုတော့ ခေါင်းကိုက်ချိန်မှာ ဝေဒနာသက်သာစေမယ့် အကိုက်အခဲ ပျောက်ဆေးတွေ၊ ဦးနှောက်သွေးကြောကျဉ်းစေမယ့် ဆေးတွေနဲ့ ကုသကြပါတယ်။ အဖြစ်ကျဲအောင်၊ မကြာခဏမခံစားရအောင် ကာကွယ်တဲ့ဆေးတွေကိုလည်း တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသပြီး သောက်သင့်ပါတယ်။ စိတ်ဖိစီးမှုကိုလျှော့ချပြီး အစားကို အချိန်မှန်မှန်စား၊ အိပ်ရေးဝဝအိပ်၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတွေ  လုပ်ဆောင်သင့်ပါတယ်။  သန့်ရှင်းလတ်ဆတ်တဲ့ အသီးအနှံ၊ အသီး အရွက်တွေစားသုံးတာ၊ ဓာတုဆိုးဆေးမပါတဲ့ အစားအသောက်တွေ ရွေးချယ်စားသုံးတာအပြင် ကဖင်းဓာတ်များတဲ့ အစားအစာတွေ၊ အရက်သေစာ သောက်သုံးမှုတွေကို ရှောင်ကြဉ်သင့်ပါတယ်။ လွန်ကဲစွာ အအေးခံတာ၊ အပူအအေး ရုတ်တရက်ပြောင်းလဲတဲ့နေရာမှာ သွားလာတာတွေကို သတိပြု ရပါမယ်။

သာမန်အအေးမိ ဖျားနာကိုက်ခဲတာ၊ မျက်နှာနဲ့ ဦးခေါင်းတစ်ဝိုက် ပိုးဝင်ရောင်ရမ်းတာ၊ ခန္ဓာကိုယ် မမာမကျန်းဖြစ်တာတွေကိုလည်း ရှာဖွေကုသရပါမယ်။ ရေတိမ်ဖြစ်လို့ခေါင်းကိုက်တာ၊ နားထင်မှာရှိတဲ့ သွေးကြောရောင်ရမ်းလို့ ခေါင်းကိုက်တာတွေကလည်း သတိမထားမိရင် မျက်စိကွယ်တဲ့အထိ ဒုက္ခပေး နိုင်တဲ့အတွက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသကုသမှု ခံယူသင့်ပါတယ်။ မနက်စောစော အိပ်ရာထ ခေါင်းထိုးကိုက်ပြီး ချောင်းဆိုး၊ နှာစေးတဲ့အချိန်၊ ဝမ်းညှစ်တဲ့အချိန်တွေ ပိုဆိုးမယ်ဆိုရင်တော့ အရေးကြီးပါတယ်။ ထိုးအန်တာ၊ မှိန်းတာ၊ ခြေလက်အားနည်းတာ၊ တက်တာတွေနဲ့ တွဲမယ်ဆိုရင်တော့ ဦးနှောက်အရည်ကို ခါးဆစ်ရိုးမှတစ်ဆင့် ဖောက်ထုတ် စစ်ဆေးတာ၊ ဦးနှောက်ကွန်ပျူတာ ဓာတ်မှန် ရိုက်တာစတဲ့စမ်းသပ်မှုတွေ ဆောင်ရွက်သင့်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းကို သေသေချာချာ ရှာဖွေကုသဖို့ လိုအပ်ပါတယ်။ ခေါင်းကိုက်တိုင်း စိတ်ပူစရာမလိုပေမယ့်လည်း ဝေဒနာပြင်းထန်ပြီး တွဲဖက် လက္ခဏာတွေရှိရင်တော့ သက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ ပြသတိုင်ပင်သင့်ကြောင်း အကြံပြု ရေးသား လိုက်ရပါတယ်။     ။

ဒေါက်တာဥမ္မာစော

Dates: 
Thursday, August 22, 2024 - 08:57