သတိပြုရန် မျောက်ကျောက်ရောဂါ
စာရေးသူ ဒီဆောင်းပါးကိုရေးတဲ့အချိန်က ဩဂုတ်လ ၁၉ ရက် ညနေ ၄ နာရီဖြစ်ပါတယ်။ ဒီ ဆောင်းပါးကို ဘာကြောင့် အရေးတကြီး ရေးရတာလဲ ဆိုတော့ လွန်ခဲ့တဲ့နှစ်နာရီကပဲ မျောက်ကျောက်ရောဂါ ဝေဒနာရှင်တစ်ဦးကို ဖိလစ်ပိုင်နိုင်ငံမှာ တွေ့ရတယ်လို့ တရားဝင် ကြေညာလို့ဖြစ်ပါတယ်။ လူနာက အသက် ၃၃ နှစ်အရွယ် ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတစ်ဦး ဖြစ်ပါတယ်။ ထူးခြားတဲ့အချက်ကတော့ အဲဒီအမျိုးသားဟာ သူ့နိုင်ငံပြင်ပကို ခရီးမသွားဖူးပါဘူး။ အဲဒီအချက် ကပဲ စာရေးသူတို့မြန်မာနိုင်ငံမှာလည်း မျောက် ကျောက်ရောဂါဟာ အချိန်မရွေးဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။
တကယ်တော့ ဒီမျောက်ကျောက်ရောဂါဟာ အာဖရိကတိုက်မှာဖြစ်နေတာ ၁၉၇၀ ပြည့်နှစ် (လွန်ခဲ့တဲ့ ၅၄ နှစ်) ကတည်းကပါ။ အစပိုင်းမှာတော့ အာဖရိကတောနက်ထဲမှာပဲ ကြိုကြားကြိုကြားဖြစ် နေတာပါ။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာတာ၊ လူတွေ ရဲ့ အစားအသောက်၊ အနေအထိုင်ပြောင်းလဲတာနဲ့ အတူ မျောက်ကျောက်ရောဂါလည်း တောထဲကနေ မြို့ကို ရောက်လာတဲ့ သဘောပါပဲ။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလက မျောက်ကျောက်ရောဂါဖြစ်ပွားနှုန်း များပြားလာပါတယ်။ ဒီအချိန်ထိ အာဖရိကတိုက်မှာ မျောက်ကျောက်ရောဂါဖြစ်ပွားသူ စုစုပေါင်း သုံးသောင်းနီးပါးရှိပါပြီ။ ရောဂါကြောင့် အသက် သေဆုံးသူ အရေအတွက်ကလည်း တစ်ထောင်ကျော်လာပါပြီ။ အဖြစ်အများဆုံး နိုင်ငံကတော့ ကွန်ဂို နိုင်ငံဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လထိဆိုရင် မျောက်ကျောက် ရောဂါဟာ ကမ္ဘာ့နိုင်ငံပေါင်း ၇၅ နိုင်ငံအထိ ပျံ့နှံ့နေ ပါပြီ။ အာဖရိကတိုက်ရဲ့အပြင်မှာရှိတဲ့ နိုင်ငံတွေအထိ ရောက်လာပါပြီ။ ဆွီဒင်နိုင်ငံမှာလည်း မျောက် ကျောက်ရောဂါတွေ့ရှိကြောင်း ဩဂုတ်လ ၁၆ ရက် က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အတည်ပြု ကြေညာထားပါတယ်။
အာရှတိုက်ဘက် မြန်မာနိုင်ငံရဲ့ဒေသတွင်းနိုင်ငံတွေ အနေနဲ့ဆိုရင် ပါကစ္စတန်နိုင်ငံမှာ ပြည်ပကပြန်လာ သူတစ်ဦးမှာတွေ့တာပါ။ သူက ပြည်ပကပြန်လာတာ ဆိုတော့ အဲဒီပြည်ပနိုင်ငံကပဲ ပါလာတာဖြစ်နိုင်ပါတယ်။ လေယာဉ်ပေါ်မှာ ကူးသလား။ လေယာဉ် ကွင်းမှာ ကူးသလား၊ လေယာဉ်ပေါ်မတက်ခင်က တည်းက ကူးသလားတော့ သေချာမသိဘူး။ ဒီနေ့ ဖိလစ်ပိုင်နိုင်ငံမှာ ရောဂါပိုးတွေ့ရသူက ပြည်ပကို မသွားဖူးဘူးဆိုတော့ ဒီမျောက်ကျောက်ရောဂါပိုးက ဖိလစ်ပိုင်နိုင်ငံကို ဘယ်လိုအနေအထားနဲ့ ရောက်လာသလဲ။
ဒီလို ဖိလစ်ပိုင်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံတို့မှာဖြစ်နေ ပြီဆိုတော့ မြန်မာနိုင်ငံမှာလည်း အနှေးနဲ့အမြန်ဖြစ် နိုင်ပါတယ်။ ယခင်ကတော့ အာဖရိကတိုက်နဲ့ အာရှတိုက်က ဝေးတယ်လို့ ပြောလို့ရသေးတယ်။ အခုကတော့ ဒေသတွင်းနိုင်ငံတွေကို ရောက်လာပြီ ဆိုတော့ ကျွန်မတို့အားလုံး ကျန်းမာရေးသတိရှိပြီး ကာကွယ်ရေးလုပ်ငန်းတွေကို တစ်ဦးချင်းလုပ်ဆောင် ကြရမှာဖြစ်ပါတယ်။ ဘယ်လိုကာကွယ်ရမလဲဆိုတာ သိဖို့အတွက် ဒီမျောက်ကျောက်ရောဂါဟာ ဘယ်လို ကူးစက်သလဲ။ ဘာဖြစ်လို့ကူးသလဲဆိုတာ အရင် သိဖို့လိုပါတယ်။
မျောက်ကျောက်ရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ သူက မျောက်၊ ကြွက်၊ ရှဉ့်တို့မှာ တွယ် ကပ်နေတာပါ။ ဒါကြောင့် မျောက်ကိုက်ခံရမယ်၊ ကြွက်ကိုက်ခံရမယ်၊ ရှဉ့်ကိုက်ခံရမယ်ဆိုရင် မျောက် ကျောက်ရောဂါဖြစ်နိုင်ပါတယ်။ ဒါ့ပြင် ဗိုင်းရပ်စ်ပိုး ဟာ လေထုထဲမှာ၊ အမှုန်အမွှားတွေထဲမှာလည်း ရှိနေနိုင်တာဖြစ်လို့ ဗိုင်းရပ်စ်ပိုးပါတဲ့လေကို ရှူမိရင် လည်း ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် မျောက်၊ ကြွက်၊ ရှဉ့် ကထွက်လာတဲ့အရည်တွေ (ဥပမာ-တံတွေး၊ သွေး၊ ဆီး၊ ဝမ်း) နဲ့ ထိမိရင်လည်း အရေပြားကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ မျောက်ကျောက်ရောဂါရှိသူ တွေရဲ့ အရေပြားအဖုက ထွက်လာတဲ့ အရည်တွေနဲ့ ထိမိရင်လည်း ကူးစက်နိုင်ပါတယ်။
ဒါ့ပြင် ဒီမျောက်ကျောက်ရောဂါခံစားနေရသူ ချောင်းဆိုးလိုက်ရင် ရောဂါပိုးမွှားတွေ လေထဲကို ရောက်သွားပြီး ဒါကိုရှူမိရင်လည်း ကူးစက်နိုင်ပါတယ်။ လိင်ဆက်ဆံခြင်းဖြင့်လည်း ဒီရောဂါကူးစက်နိုင်ပါတယ်။ ဒီလိုဆိုရင် မျောက်ကျောက်ရောဂါဖြစ်နေ ကြောင်း ဘယ်လိုသိနိုင်မလဲ။ ဒီမျောက်ကျောက် ရောဂါက ဘာနဲ့အမျိုးတူသလဲဆိုတော့ အခုခေတ် မှာတော့ ရေကျောက်ရောဂါနဲ့ တူပါတယ်။ ကျွန်မ အမေတို့၊ အဘွားတို့ခေတ်က ကျောက်ကြီးရောဂါ နဲ့လည်း အမျိုးတူပါတယ်။ ရှေးက ကျောက်ကြီး ပေါက်ရင် မျက်စိလည်းကွယ်တယ်။ အသက်လည်း သေဆုံးနိုင်တယ်။ တစ်ကိုယ်လုံး ရုပ်ပျက်ဆင်းပျက် မီးလောင်ဖုတွေလို အဖုတွေပေါ်လာတာပါ။ မျက်နှာ၊ ခန္ဓာကိုယ်နဲ့ ခြေလက်တွေမှာ ပေါက်တာပါ။ ရောဂါ ပျောက်သွားတဲ့အခါ ကျောက်ပေါက်မာလို အမာရွတ် တွေက အများကြီး ကျန်ခဲ့တယ်။
အခုခေတ် မျောက်ကျောက်ရောဂါကလည်း တစ် ကိုယ်လုံးအရည်ကြည်ဖုတွေပေါ်တယ်။ အကျိတ် (လည်ပင်း၊ ချိုင်း၊ ပေါင်) တွေမှာထွက်တယ်။ သူ့ရဲ့ လက္ခဏာက ဖျားတယ်။ ကိုယ်လက်ကိုက်ခဲတယ်။ ခေါင်းကိုက်တယ်။ ကိုယ်ခံအားကောင်းတဲ့လူငယ် တွေဆိုရင် နှစ်ပတ်မှ တစ်လလောက်ဆိုရင် နာလန် ပြန်ထတယ်။ လူနာ ၁၀၀ မှာ ငါးဦးအသက်သေဆုံး နိုင်ခြေရှိပါတယ်။
ရောဂါဆိုးဆိုးရွားရွားဖြစ်နိုင်ခြေရှိတဲ့ သူတွေကတော့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ဆီးချို ရောဂါဝေဒနာရှင်တွေ၊ နာတာရှည်ကျောက်ကပ်ရောဂါ ဝေဒနာရှင်တွေ၊ နာတာရှည် အသည်းရောဂါဝေဒနာ ရှင်တွေ၊ ကိုယ်ခံအားကျဆေး သောက်နေရတဲ့သူတွေ (ဥပမာ-စတီးရွိုက်သောက်ရသူတွေ)၊ ကျောက်ကပ်၊ ရိုးတွင်းခြင်ဆီ၊ အသည်းအစား ထိုးထားတဲ့လူတွေမှာ ပိုပြီးဖြစ်နိုင်ပါတယ်။ သူတို့အနေနဲ့ မကူးစက်နိုင် အောင် အထူးဂရုပြုဆင်ခြင်ရပါမယ်။
ကိုယ်ဝန်ဆောင်မိခင်တွေကလည်း မိခင်ရော သန္ဓေသားပါ အန္တရာယ်ရှိနိုင်ပါတယ်။ မျောက် ကျောက်ရောဂါက ဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်တာဖြစ် လို့ ကုသဆေးကလည်း သုတေသနပြုဆဲ အနေအထား ပါ။ ကာကွယ်ဆေးကလည်း ကြိုးစားဆဲအခြေအနေပါ။ ဒါကြောင့် ကျွန်မတို့အားလုံး တစ်နိုင်တစ်ပိုင်ကာကွယ် ရပါမယ်။ လေထဲမှာပါနိုင်တဲ့ ရောဂါပိုးကို မရှူမိအောင် နှာခေါင်းစည်းတပ်ရပါမယ်။ လက်တွေကို ဆပ်ပြာနဲ့ ဆေးကြောရပါမယ်။ တံခါးလက်ကိုင်တို့၊ လှေကား လက်ရန်းတို့မှာ ကပ်နေတဲ့ပိုးတွေကို မျက်စိ၊အရေပြားတို့မှတစ်ဆင့် မကူးစက်နိုင်အောင် ကာကွယ် ရပါမယ်။ ကိုယ့်အနီးနားမှာရှိတဲ့လူရဲ့မျက်နှာနဲ့ ခြေ၊ လက်တို့မှာ ဆီပူလောင်သလို မီးလောင်ဖုလေးတွေ တွေ့ပြီဆိုရင် နီးစပ်ရာဆေးခန်းမှာ ပြသင့်ပါတယ်။ သူနဲ့လည်း ဝေးဝေးမှာနေပါ။ ကိုယ့်အိမ်ဝန်းကျင်မှာ မျောက်၊ ကြွက်၊ ရှဉ့်တို့ရှိတယ်ဆိုရင် နှာခေါင်းစည်း တပ်သင့်ပါတယ်။ သူတို့နဲ့မထိမိအောင်နေပါ။ လက်ကို မကြာခဏ ဆေးသင့်ပါတယ်။ တကယ်တော့ မျောက်ကျောက်ရောဂါ ကာကွယ်နည်းတွေဟာ ကိုဗစ်-၁၉ ရောဂါဖြစ်တုန်းက ကာကွယ်နည်းတွေနဲ့ အတူတူပါပဲ။
မျောက်ကျောက်ရောဂါကာကွယ်ရေး နည်းလမ်းတွေဟာ ကျွန်မတို့တစ်ဦးချင်းစီ ဂရုပြုပြီးလုပ်ဆောင် ကြရမှာပါ။ ပြည်သူတစ်ဦးချင်းဆီမှာ ကျန်းမာရေး အသိ၊ ကျန်းမာရေး တာဝန်အပြည့် ရှိပါတယ်။ ကျွန်မတို့ အားလုံးပေါင်းစည်းအားနဲ့ မျောက်ကျောက်ရောဂါ ကို ကာကွယ်ကြဖို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။ ။