အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး

နေပြည်တော်    ဩဂုတ်    ၂၂

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့  ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌  ဆက်လက် ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေး ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ ခေါင်း‌ဆောင် ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ    ဒေါက်တာအေးမောင်နှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ၊  တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပထမနေ့ဆွေးနွေးပွဲ၌ မပြီးပြတ်သေးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ရေး ဆိုင်ရာ နှစ်ဖက်အဆိုပြုချက်များနှင့် အထွေထွေရွေးကောက် ပွဲကျင်းပရေးဆိုင်ရာ ကိစ္စများကို  နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ အထွေထွေဆွေးနွေးခြင်းတွင် လက်ရှိနိုင်ငံရေးအခြေအနေနှင့် လုံခြုံရေးဆိုင်ရာများအား ဆွေးနွေးခဲ့ကြသည်။ ထို့နောက် နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းချက်များမှ ရရှိလာသည့် သဘောထားများအား စုစည်းချက်များအဖြစ် မှတ်တမ်းတင်ခဲ့ကြသည်။

ထို့နောက်  တက်ရောက်လာကြသည့်  နိုင်ငံရေးပါတီများအစုအဖွဲ့၏    အလုပ်အဖွဲ့ခေါင်း‌ ဆောင်   ရခိုင့် ဦးဆောင် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ကျေးဇူးတင်စကား ပြောကြားကာ  အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သတင်းရရှိသည်။