၂၀၂၄ ခုနှစ် (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ
နေပြည်တော် ဩဂုတ် ၂၂
၂၀၂၄ ခုနှစ် (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်(၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲကို ဩဂုတ်လ ၁၂ ရက်မှ ၁၅ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ယခုပြပွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် အဋ္ဌမအကြိမ်မြောက်ကျင်းပခဲ့သည့် ရတနာပြပွဲဖြစ်ပြီး ပုလဲရောင်းချပွဲ ဒုတိယနေ့တွင် ပုလဲအတွဲ ၁၇၇ တွဲကိုလည်းကောင်း၊ တတိယနေ့တွင် ပုလဲအတွဲ ၁၈၄ တွဲကိုလည်းကောင်း၊ စတုတ္ထနေ့တွင် ပုလဲအတွဲ ၂၁၀ ကိုလည်းကောင်း စုစုပေါင်းပုလဲအတွဲပေါင်း ၅၇၁ တွဲကို အောင်မြင်စွာရောင်းချနိုင်ခဲ့ကြောင်း၊ ပြပွဲတွင် တက်ကြွစွာတာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းများနှင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများအား ဂုဏ်ပြု ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ပြီး ဂုဏ်ပြုချီးမြှင့်ခြင်း ခံရသူများကိုယ်စား အရာထမ်းတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ၂၀၂၄ ခုနှစ် (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။