ဆီထွက်သီးနှံနေကြာနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး

ဆီထွက်သီးနှံနေကြာနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံစီးပွားရေးအဖြစ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံဖြစ်သည်။ စိုက်ပျိုးသည့် သီးနှံတစ်ဧကချင်းအပေါ်၌ ဆီအများဆုံးပမာဏ ထုတ်လုပ်ပေးနိုင်သည့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးခြင်းကို မဖြစ်မနေ အကောင်အထည်ဖော်လျက်ရှိသည်။  တောင်သူများ ကိုယ်တိုင်ကလည်း ဆီထွက်သီးနှံနေကြာစိုက်ပျိုးထုတ်လုပ်မှုတွင် တက်ကြွစွာ ဆောင်ရွက်လုပ်ကိုင် လာစေရေးကို နိုင်ငံတော်အစိုးရက အားပေးလျက်ရှိသည်။

ဆီထွက်သီးနှံနေကြာနှင့်  ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးတက်ရေး  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို   ဩဂုတ်လ  ၂၁  ရက်က  စိုက်ပျိုးရေး၊   မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့် ဧရိယာအလိုက် စိုက်ပျိုး ဖြစ်ထွန်းနိုင်သည့်  သီးနှံအမျိုးအစားခွဲခြားစိစစ်ပြီး စိုက်ပျိုးမြေဧရိယာ စာရင်းဇယားအမှန်ကို ပြန်လည်စိစစ်ရန်၊ စိုက်ပျိုးနိုင်သည့်မြေဧရိယာအားလုံး  ကွက်ပြည့်စိုက်ပျိုးလုပ်ကိုင်နိုင်ရေးကြပ်မတ်ဆောင်ရွက်ရန်၊ စိုက်ဧက တိုးချဲ့ခြင်းထက် လက်ရှိစိုက်ပျိုးမြေတစ်ဧကချင်းကို အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ပြီး  အဓိကသီးနှံ ၁ဝ မျိုး၏ပန်းတိုင်အထွက်ရရှိရေး အလေးထားဆောင်ရွက်ရန်၊ အလားတူ ဆီထွက်သီးနှံအထူးဇုန်ပြင်ပ ပုံမှန်စိုက်ပျိုးလျက်ရှိသည့် ဧရိယာအားလုံး ပုံမှန်အထွက်နှုန်းအောက် ကျဆင်းမှုမရှိစေရန်တို့ကို ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် ပတ်သက်၍  ပြည်တွင်းအထည်အလိပ်စက်ရုံများအတွက် လိုအပ်သည့် ဂွမ်းမွေးအရည်အသွေး ထုတ်လုပ်ပေးနိုင်စေရန် ပြည်ပဝါမျိုးများပြောင်းလဲစိုက်ပျိုးနိုင်ရေး  စီမံဆောင်ရွက်လျက် ရှိသည်။ အရည်အသွေးကောင်းသော ချည်မျှင်ရှည်ဝါကို ဝါသီးနှံစိုက်ဧရိယာ၏ ၁၀  ရာခိုင်နှုန်းစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိသည်။  နောင်တွင်စဉ်ဆက်မပြတ် ပြည်တွင်းမျိုး ၈၀ ရာခိုင်နှုန်းနှင့် ပြည်ပမျိုး ချည်မျှင်ရှည်ဝါ  ၂ဝ ရာခိုင်နှုန်းစိုက်ပျိုးထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်သည်။

သီးနှံဈေးနှုန်းမှန်ကန်စွာ ရရှိမှသာ  အရည်အသွေးကောင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို လက်တွေ့ ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဝါလုပ်ငန်းရှင်များ၊ ဝါကြိတ်စက်ပိုင်ရှင်များ၊ အဝယ်တော်များနှင့် တောင်သူများအကြား A-Grade, B-Grade, C-Grade စသည့်အရည်အသွေးများကို အခြေခံသည့် ဈေးကွက် ဖော်ဆောင်နိုင်ရေးကို ညှိနှိုင်းကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျှော့ချနိုင်ရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၂-၂ဝ၂၃ ခုနှစ်မှစ၍ နေကြာသီးနှံ ၁ ဒသမ ၅ သန်းတိုးချဲ့စိုက်ပျိုးဆောင်ရွက်ခဲ့ရာ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံများစိုက်ပျိုးခြင်းအတွက် ချေးငွေများ ထောက်ပံ့ပေးအပ်ဆောင်ရွက်လျက်ရှိသည်။ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်တွင် နေကြာသီးနှံဧကသုံးသန်းတိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး အလားတူ ပြည်တွင်းထုတ်ဝါများမှ ချည်ချောထုတ်လုပ်နိုင်ရေးနှင့် ယခင်ကစိုက်ပျိုးခဲ့သည့် ဝါသီးနှံစိုက်ပျိုးဧရိယာပြည့် ဧက ခုနစ်သိန်း ပြန်လည်စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူများကို မျိုး၊ နည်းပညာ၊ သွင်းအားစုများ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကိုအောင်မြင်စွာဆောင်ရွက်နိုင်သည့် မြေသယံဇာတများနှင့် စိုက်ပျိုးရေရရှိရေး အတွက်လည်း  မြစ်ချောင်းအင်းအိုင်များစွာကို ပိုင်ဆိုင်ထားသည်။ စိုက်ပျိုးမြေအားလုံး အပြည့်အဝ အကျိုးရှိစွာ အသုံးချနိုင်ရမည်ဖြစ်သည်။ စိုက်ပျိုးမြေများတွင် တစ်သီးစားကိုသာ စိုက်ပျိုးခြင်းမကဘဲ သီးထပ်စိုက်ပျိုးနိုင်လေလေ အကျိုးရှိလေလေဖြစ်သည့်အတွက် သီးထပ်စိုက်ပျိုးနိုင်ရေးကို  ကြိုးပမ်းကြရမည် ဖြစ်သည်။ မွေးမြူရေးနှင့်ပတ်သက်၍လည်း ပြည်သူလူထု၏နေ့စဉ် အသား၊ ငါးနှင့် ဥအမျိုးမျိုး စားသုံးမှုလိုအပ်ချက်ကို ဖူလုံပြည့်မီအောင် ထုတ်လုပ်နိုင်ရန် လိုအပ်သည်။ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍  ထုတ်လုပ်မှုများ  တိုးတက်အောင်ဆောင်ရွက်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများကို  စဉ်ဆက်မပြတ် လုပ်ဆောင်နေရန်လည်း လိုအပ်သည်။  ထိုကဲ့သို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် ဆောင်ရွက်ခြင်းမှတစ်ဆင့် အခြားကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း မြှင့်တင်ဆောင်ရွက်ကြရမည် ဖြစ်သည်။

စိုက်ပျိုးရေးတွင်  ဆီထွက်သီးနှံများကို စိုက်ပျိုးမှုများကိုလည်း အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်တွင်း စားသုံးဆီဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိဆောင်ရွက်နိုင်ရေး    လုပ်ဆောင်ကြရမည်။ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများကို ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်နိုင်ပါက စားသုံးဆီဖူလုံမှုပိုလျှံမှုရှိနိုင်ပေသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို  လျာထားဧက ပြည့်မီအောင်  ဆောင်ရွက်နိုင်ရေးနှင့် အထွက်နှုန်းပြည့်မီရေး ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်သည်။ နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ပါက အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါများလာမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း စားသုံးဆီ ဖူလုံသည့်အပြင်  ပြည်ပသို့တင်ပို့နိုင်သည်အထိ ဆောင်ရွက်သွားနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိပေရာ နေကြာသီးနှံနှင့်ဝါသီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး၊  ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးကို အလေးထား ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။