ကောင်းမွန်သောစီမံမှု လုပ်ထုံးလုပ်နည်းကျင့်သုံးရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
နေပြည်တော် ဩဂုတ် ၂၂
(ASEAN Economic Community–AEC) အေအီးစီ ၂၀၂၅ အတွက် အာဆီယံစီးပွားရေးအသိုက်အဝန်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရေး ကော်မတီမှ ဖွဲ့စည်းပေးထားသော “ကောင်းမွန်သော စီမံမှုလုပ်ထုံး လုပ်နည်းကျင့်သုံးရေး (Good Regulatory Practice – GRP) ဆိုင်ရာ လုပ်ငန်းကော်မတီ” ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အာဆီယံစီးပွားရေး အသိုက်အဝန်း လမ်းပြမြေပုံ ၂၀၂၅ တွင်ပါရှိသော လုပ်ငန်းများဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ (၂၂) ရပ်ကို သက်ဆိုင်ရာကဏ္ဍ အလိုက် ဖွဲ့စည်းထားရှိရာ “ကောင်းမွန်သောစီမံမှု လုပ်ထုံးလုပ်နည်းကျင့်သုံးရေး (Good Regulatory Practice–GRP) ဆိုင်ရာလုပ်ငန်းကော်မတီ” သည်လည်း တစ်ခု အပါအဝင်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ အနေဖြင့်လည်း GRP ဆိုင်ရာလုပ်ငန်းစီမံချက်အရ GRP ရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းစီမံချက်ပါ အဓိကလုပ်ငန်းကြီး (၄) ရပ်တွင် ပြဋ္ဌာန်းဖော်ပြထားသည့် ဦးစားပေးနယ်ပယ်များနှင့် မဟာဗျူဟာများကို အချိန်နှင့်တစ်ပြေးညီ သတ်မှတ်အချိန်ကာလများအတိုင်း ဆောင်ရွက်သွားကြခြင်းဖြင့် နိုင်ငံအတွင်း Good Governance၊ e-Government ၊ Stakeholders Engagement ကိစ္စရပ်များ တိုးတက် လာစေမည်ဖြစ်ပြီး GRP အလေ့အထများ တည်ထောင်ထားခြင်းဖြင့် လုပ်ထုံးလုပ်နည်းများကြောင့် ဖြစ်ပေါ်လာရသော အခက်အခဲများကို လျှော့ချပေးကာ ပိုမိုကောင်းမွန်ပြီး ထိရောက်မှုရှိသော စီမံမှုလုပ်ထုံး လုပ်နည်းများနှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ရာ သက်ဆိုင်ရာ ဝန်ကြီးဌာန/ဦးစီး ဌာနများအလိုက် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ ပိုမိုတိုးတက်ကောင်းမွန် လာစေနိုင်သည့် အကျိုးရလဒ်ကောင်းများ ရရှိစေနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီအဖွဲ့ဝင်ဌာနများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြပြီး ကော်မတီဝင်များ၏ အကြံပြု ဆွေးနွေးမှုများအပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။