ကိုဗစ်အလွန်ကာလ ယဉ်ကျေးမှုအမွေအနှစ်ခရီးစဉ်ဒေသများတွင် ရေရှည်တည်တံ့သော ခရီးသွား လုပ်ငန်းဖော်ဆောင်ရေး ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်
နေပြည်တော် ဩဂုတ် ၂၄
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့နံနက်ပိုင်းက ပုဂံမြို့ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပသည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ-၂၀၂၃ ဖြင့် ဆောင်ရွက်သည့် ကိုဗစ်အလွန်ကာလ ယဉ်ကျေးမှုအမွေအနှစ် ခရီးစဉ်ဒေသများတွင် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရေး ဆွေးနွေးပွဲ (Seminar on Making Tourism More Sustainable in Cultural Heritage Destinations in the Post Pandemic) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E .Ms. Ma Jia ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် တရုတ် ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့်ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းအပြင် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေမှ စီမံကိန်းသုံးခုကို ရရှိထားခဲ့ပြီး ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ယဉ်ကျေးမှုနှင့် ကမ္ဘာ့အမွေအနှစ်နေရာများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ ယဉ်ကျေးမှုနှင့် ကမ္ဘာ့အမွေအနှစ် နေရာများ၏ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကြုံတွေ့လျက်ရှိသည့် စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ အတွေ့အကြုံကောင်းများကို ပေါင်းစပ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia က ဂုဏ်ပြုအမှာစကား ပြောကြားပြီး မဲခေါင်-လန်ချန်းပူးပေါင်းညှိနှိုင်းရေး ရုံးအဖွဲ့(မြန်မာ)မှ ကိုယ်စားလှယ်တစ်ဦးက အမှာစကားပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် မဲခေါင်-လန်ချန်းနိုင်ငံများမှ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ပညာရှင်များနှင့် ဆွေးနွေးပွဲ တက်ရောက်လာသူများက ခရီးသွားလုပ်ငန်းဖြင့် ဒေသတွင်းယဉ်ကျေးမှု အမွေအနှစ် ခရီးစဉ်ဒေသများ ရေရှည်တည်တံ့အောင် ဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဆိုင်ရာ အလေ့အကျင့်ကောင်းများမျှဝေခြင်း၊ ယဉ်ကျေးမှုအမွေအနှစ် ခရီးစဉ်ဒေသများမြှင့်တင်ခြင်း ကိစ္စရပ်များကို အပိုင်းသုံးပိုင်းခွဲ၍ စကားဝိုင်းဆွေးနွေးခြင်းနှင့် မေးခွန်းများမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia ကို ပုဂံမြို့ရှိ ရွှေနန်းတော်ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးနှင့် ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်မှုအခြေအနေများ၊ မဲခေါင်း-လန်ချန်းအဖွဲ့ဝင်နိုင်ငံများအချင်းချင်း မြန်မာနိုင်ငံရှိ ပုဂံမြို့ကဲ့သို့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် မြို့များကို ညီအစ်မ မြို့တော်များ (Sister Cities) အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆိုင်ရာတို့ကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနပိုင် ဟိုတယ်များနှင့် တုရင်တောင်ခြေရှိ Tuyin Villa Eco Farm အပန်းဖြေစခန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ညပိုင်းတွင် ကိုဗစ်အလွန်ကာလယဉ်ကျေးမှု အမွေအနှစ်ခရီးစဉ် ဒေသများတွင် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များကို ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။