ရန်ကုန်တိုင်းဒေသကြီး နွေရာသီအဆင့်မြင့် အားကစားသင်တန်းများသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သွားရောက်ကြည့်ရှုအားပေး
ရန်ကုန် မေ ၉
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ ယနေ့နံနက် ၇ နာရီတွင် တောင်ဥက္ကလာပဒေသာ အားကစားကွင်းသို့ ရောက်ရှိလာ၍ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နွေရာသီကျောင်း ပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မိမိ၀ါသနာပါရာ အားကစားကို လေ့လာလိုက်စားရာမှစ၍ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်လက်ရွေးစင်များ ထွက်ပေါ်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၌ ဖွင့်လှစ်လျက်ရှိသော အာကီဒို၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်၊ ဘောလုံး၊ အလေးမ၊ လက်ဝှေ့၊ စားပွဲတင်တင်းနစ်၊ ကရာတေး၊ ဂျူဒို၊ အေရိုးဗစ် စသည့်အဆင့်မြင့် နွေရာသီ အားကစား သင်တန်းများ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုအားပေးစကား ပြောကြားပြီး သက်ဆိုင်ရာ အားကစားနည်းအလိုက် နည်းပြများ၏ တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကာ အားကစားကွင်း/အားကစားရုံ သန့်ရှင်းသာယာလှပရေးနှင့် စပ်လျဉ်း၍ မှာကြား သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရန်ကုန်တိုင်းဒေသကြီး နွေရာသီ အဆင့်မြင့်အားကစား သင်တန်းသို့ တက်ရောက်နေသည့် အားကစားနည်းအလိုက် သင်တန်းသား၊ သင်တန်းသူများအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၂၀၄၀၀၀၀ ကို ပံ့ပိုး ပေးအပ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံဝင်းအတွင်းရှိ ပြည်ထောင်စုခန်းမသို့ ရောက်ရှိပြီး အားကစားနှင့် ကာယပညာဦးစီးဌာန (ရန်ကုန်) ဝန်ထမ်းများ တွေ့ဆုံပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) စားရိပ်သာတွင် ဝန်ထမ်းများနှင့်အတူ နေ့လယ်စာသုံးဆောင်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှကြီးမှူး၍ ပညာရေးတက္ကသိုလ်၌ ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားပြီး စာရေးဆရာ ဦးကျော်ကျော်လှိုင်က လူငယ်ဘဝ တိုးတက်မြှင့် တင်ရေးခေါင်းစဉ်ဖြင့် ဟောပြောသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရန်ကုန်ပညာရေး တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်၊ အနောက်ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်တို့ထံသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တက္ကသိုလ်တစ်ခုလျှင် ငွေကျပ် ၂၅၁၀၀၀၀ နှုန်းဖြင့် တက္ကသိုလ် ၆ ခုအတွက် ငွေကျပ် ၁၅၀၆၀၀၀၀ တန်ဖိုးရှိ အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များက လက်ခံရယူသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဒုတိယဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က စာရေးဆရာ ဦးကျော်ကျော်လှိုင်ကို ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး ပြည်ထောင်စု ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ဉာဏ်စမ်းပဟေဠိပွဲတွင် အဖြေမှန်သည့် ကျောင်းသား၊ ကျောင်းသူများကို ပြည်ထောင်စု ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)