မြန်မာနိုင်ငံ၏ အာမခံစျေးကွက်အနေဖြင့် ပုံမှန်လည်ပတ်ဆောင်ရွက်လျက်ရှိပြီး တစ်နှစ်ထက် တစ်နှစ်အောင်မြင် တိုးတက်လာသည်ကိုတွေ့ရ
နေပြည်တော် မေ ၉
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့၏ (၃၆)ကြိမ်မြောက် အစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံ၏ အာမခံစျေးကွက်အနေဖြင့် ပုံမှန်လည်ပတ် ဆောင်ရွက် လျက်ရှိပြီး တစ်နှစ်ထက်တစ်နှစ် အောင်မြင်တိုးတက်လာသည်ကို တွေ့ရကြောင်း၊ အာမခံအမျိုးအစား သစ်များတိုးချဲ့ ထုတ်လုပ်နိုင်သကဲ့သို့ ပရီမီယံကြေးများ သင့်တင့်မျှတခြင်း၊ လျော်ကြေး ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်ခြင်းတို့ကို တွေ့ရကြောင်း၊ နိုင်ငံတော်၏စီးပွားရေး မြှင့်တင်ရာတွင် လိုအပ်သည့် အရင်းအနှီး လိုအပ်ချက်အတွက် အာမခံကဏ္ဍမှ ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေး သည်။
ထို့နောက် အတွင်းရေးမှူးက (၃၅) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှု၊ ယခုအစည်းအဝေးတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ဆွေးနွေးဆုံးဖြတ်ရမည့် အသက် အာမခံ အမျိုးအစားသစ်များ လျှောက်ထားလာခြင်းကိစ္စ၊ နိုင်ငံခြားအာမခံ ကိုယ်စားလှယ်ရုံးပိတ် သိမ်းခွင့်ပြုရန်ကိစ္စ၊ ကော်ပိုရိတ်အာမခံ ကိုယ်စားလှယ်လိုင်စင် လျှောက်ထားခြင်းကိစ္စ၊ အာမခံကိုယ်စား လှယ်တစ်ဦးမှ ပရီမီယံကြေးရငွေ အလွဲသုံးစားပြုခြင်းကိစ္စ၊ အာမခံကိုယ်စားလှယ်လုပ်ကိုင်ခွင့် လိုင်စင် ထုတ်ပေးခွင့်ပြုရန်ကိစ္စ၊ ဌာနတွင်း အာမခံကိုယ်စားလှယ် သင်တန်းကျောင်းခွဲ ဖွင့်လှစ်ခွင့်ပြုရန် ကိစ္စများကိုတင်ပြရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆွေးနွေးအတည်ပြု ကြသည်။
အစည်းအဝေးတွင် အာမခံကုမ္ပဏီမှ မတည်ရင်းနှီးငွေ ထုတ်ယူသုံးစွဲခွင့်ပြုနိုင်ပါရန် တင်ပြလာခြင်းကို ခွင့်ပြုရန်ကိစ္စ၊ အာမခံကုမ္ပဏီမှ အစိုးရငွေတိုက်စာချုပ် ဝယ်ယူပြီးနောက် ကျန်ရှိနေသေးသော မတည် ရင်းနှီးငွေကို အသုံးပြုရန်ကိစ္စ၊ အာမခံကုမ္ပဏီမှ သင်္ကြန် Campaign အစီအစဉ်ကိစ္စ၊ အာမခံကုမ္ပဏီ ရုံးခွဲသစ် ဖွင့်လှစ်ခွင့်ပြုရန်ကိစ္စတို့ကို တင်ပြရာ အဖွဲ့ဝင်များက မှတ်တမ်းတင်အတည်ပြုပြီး ဒုတိယ ဝန်ကြီးက နိဂုံးချုပ်သုံးသပ် ဆွေးနွေးမှာကြားသည်။
မြန်မာနိုင်ငံ၏ အာမခံစျေးကွက်တွင် ရာနှုန်းပြည့်နိုင်ငံခြားသားပိုင်အသက်အာမခံကုမ္ပဏီ ငါးခု၊ ဖက်စပ် အသက်အာမခံကုမ္ပဏီ သုံးခု၊ နိုင်ငံသားပိုင် အသက်အာမခံကုမ္ပဏီ ကိုးခု၊ ဖက်စပ်အထွေထွေ အာမခံကုမ္ပဏီသုံးခု၊ နိုင်ငံသားပိုင်အထွေထွေ အာမခံကုမ္ပဏီခြောက်ခုနှင့် မြန်မာ့အာမခံလုပ်ငန်း အပါအဝင် စုစုပေါင်းအာမခံကုမ္ပဏီ ၂၇ ခု၊ ကော်ပိုရိတ် အသက်အာမခံ ကိုယ်စားလှယ် လိုင်စင်ရ အဖွဲ့အစည်း ၂၃ ခုနှင့် ကော်ပိုရိတ်အထွေထွေအာမခံကိုယ်စားလှယ် လိုင်စင်ရအဖွဲ့အစည်း ၂၅ ခုနှင့် လျော်ကြေး ညှိနှိုင်းတွက်ချက်သည့် ကုမ္ပဏီ လေးခုတို့မှ အာမခံဝန်ဆောင်မှုများကို ဆောင်ရွက်ပေး လျက်ရှိပြီး ပုဂ္ဂလိကအာမခံကုမ္ပဏီများမှ အသက်နှင့် အထွေထွေအာမခံအမျိုးအစား ၅၁ မျိုးကို ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)