ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ဧကမှန်ကန်ရေး၊ ပန်းတိုင်အထွက်နှုန်း တိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ဧကမှန်ကန်ရေး၊ ပန်းတိုင်အထွက်နှုန်း တိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိ

နေပြည်တော်  မေ    ၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ် ပန်းလှိုင်ရေထိန်းတံခါးနှင့် ပန်းလှိုင်ချောင်း ရေစီးရေလာ အခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌  ဖျာပုံ၊ မအူပင်၊ လပွတ္တာခရိုင်များမှ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့်  ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန အမှုထမ်း၊ အရာထမ်းများကို တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒုတိယ ဝန်ကြီးက နိုင်ငံတော်၏ ပြည်တွင်းစားသုံးဆီဖူလုံစေရေး၊ မူဝါဒနှင့်ညွှန်ကြားချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ဆီထွက်သီးနှံ အထူးဇုန်များ၏ စိုက်ဧကနှင့် သီးနှံအထွက်ဆိုင်ရာ   ကိန်းဂဏန်းစာရင်းဇယားများ လွဲမှားမှုမရှိစေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များ၊ စိုက်ပျိုးရေလိုအပ်သည့် နေရာများနှင့် ရေရရှိမှုခက်ခဲသည့် နေရာများအတွက် စိုက်ပျိုးရေရရှိရေး လုပ်ငန်းချေးငွေရရှိနိုင်ရေး တင်ပြဆောင်ရွက်ရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပေး လျက်ရှိသည့် နွေစပါး၊ မိုးစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံပုံစံအလိုက်  သက်တမ်းတိုမျိုးများ ပြောင်းလဲစိုက်ပျိုးပြီး သီးထပ်ဧရိယာ မြှင့်တင်ဆောင်ရွက်ရန် တာဝန်ရှိသူကွင်းဝန်ထမ်းများအားလုံး တာဝန်ကျရာဒေသအရောက် လက်တွေ့မြေပြင်ကွင်းဆင်း၍ တောင်သူများ၏ မျိုး၊ မြေ၊ ရေ၊ နည်းစနစ် လိုအပ်ချက်များ ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေး မျက်ခြည်မပြတ် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ကော်ဖီစိုက်ဧရိယာများ တိုးချဲ့နိုင်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် မြေနိမ့် ကော်ဖီ မျိုးကောင်းမျိုးသန့်များ  အသုံးပြုနိုင်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက  ဆီထွက်သီးနှံ အထူးဇုန်ဧရိယာများနှင့် အဓိကသီးနှံများလျာထားဧကပြည့် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်ရရှိရေး တွန်းအားပေး  ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး   ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ် များက   စီမံကိန်း လုပ်ငန်းဆိုင်ရာများနှင့်ကိန်းဂဏန်းအချက် အလက်များတိကျမှန်ကန်စေရေး၊ စံကွက် ရိတ်သိမ်းခြင်းနှင့် ကိုယ်စားပြုဧရိယာ သတ်မှတ်ခြင်းကိစ္စရပ်များကို တင်ပြကြရာ ဒုတိယဝန်ကြီးက   ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

Dates: 
Monday, August 26, 2024 - 04:15