ကျောက်ဆည်ရှိ နည်းပညာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် ဇီဝနည်းပညာသုတေသနဦးစီး ဌာနများ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းက နည်းပညာတက္ကသိုလ် (ကျောက်ဆည်)သို့ရောက်ရှိပြီး နျူကလီးယားအင်ဂျင်နီယာဌာနရှိ လက်တွေ့ ခန်းများ တွင် ကျောင်းသားများ သုတေသနဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံရာ ဒုတိယဝန်ကြီးက ရုရှား ဖက်ဒရေးရှင်းနိုင်ငံရှိ Moscow Engineering Physics Institute အပါအဝင် MoU ရေးထိုးထားသည့် မိတ်ဖက် တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ နိုင်ငံတကာ နည်းပညာ ပြိုင်ပွဲများတွင် ကျောင်းသားများ ယှဉ်ပြိုင်မှုများကို အားပေးမြှင့်တင်ရန် တိုက်တွန်း မှာကြားပြီး တင်ပြမှုများအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းသားများကို သုတေသနထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ပြီး တည်ဆောက်ရေး လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးကာ အရည်အသွေးပြည့်မီစွာ လုပ်ငန်းများ အချိန်မီ ပြီးစီးရေးဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)သို့ ရောက်ရှိပြီးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ ဒေသလိုအပ်ချက်နှင့်အညီ သင်တန်းများကို အရည်အသွေး ပြည့်မီစွာ ဖွင့်လှစ်ရန်၊ ပညာရည်ပြည့်ဝပြီး ကျင့်ဝတ်ကို လေးစားလိုက်နာသည့် လူငယ်ပညာရှင်များ ပေါ်ထွန်းလာရေး စနစ်တကျ ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားကာ အင်ဂျင်နီယာ ဌာနများတွင် သုတေသနပရောဂျက်များ ဆောင်ရွက်နေသော ကျောင်းသားများကို ကြည့်ရှုအားပေး သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဇီဝနည်းပညာသုတေသနဦးစီးဌာနသို့ ရောက်ရှိပြီး တာဝန်ရှိသူများ အား သုတေသနရလဒ်များကို MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အသုံးချနိုင်ရေး ဆက်စပ် ဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကျေးလက်နေပြည်သူများကို ဇီဝနည်းပညာ အသိ ပညာပေးမှုများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဆေးပညာဆိုင်ရာဇီဝနည်းပညာဌာနရှိ ဆေးပညာ ဆိုင်ရာဓာတ်ခွဲခန်းကို Biosafety Level 2 (BSL-2) အထိ အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆေးဖက်ဝင် အပင်များမှ ဆေးအဆီထုတ်ယူနေမှု၊ Mycology Lab နှင့် Environmental Lab တို့မှ Waste Water Treatment နှင့် ပတ်သက်၍ ချည်ဆိုးဆေးအရောင်လျှော့ချခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် သက်ရောက် မှုလျော့နည်းစေရေးဆိုင်ရာ သုတေသနလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)