ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း
မြန်မာ့သမိုင်းကိုပြန်ပြောင်းလေ့လာပါက ခေတ်ကြီးသုံးခေတ်နှင့် မင်းမြတ်သုံးပါးတို့၏ ပုံရိပ်များကို မြင်တွေ့ရမည်ဖြစ်သည်။ ပထမမြန်မာနိုင်ငံတော်ကို စုစည်းတည်ထောင်ခဲ့သော အနော်ရထာမင်းကြီး၊ ဒုတိယမြန်မာနိုင်ငံတော်ကို စုစည်းတည်ထောင်ခဲ့သော ဘုရင့်နောင်မင်းတရားကြီးနှင့် တတိယမြန်မာနိုင်ငံတော်ကို စုစည်းတည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးတို့သည် မြန်မာ့သမိုင်းတွင် မေ့ပျောက်ထား၍မရသော မင်းမြတ်သုံးပါးဖြစ်သည်။ ထိုမင်းမြတ်သုံးပါးတို့သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့ကြသဖြင့် ယနေ့တိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအဖြစ် ရပ်တည်နေနိုင်ခြင်း ဖြစ်သည်။
ထိုမင်းမြတ်သုံးပါးတို့၏ နန်းတော်ရာများ၊ မြို့ရိုးအဆောက်အအုံများကို မျိုးဆက်သစ်အဆက်ဆက် တို့လေ့လာကြည့်ရှုနိုင်ရန် တပ်မတော်က နိုင်ငံတော်တာဝန်ကို ဦးဆောင်သည့်ကာလတွင် နန်းတော်ရာများကို မူလလက်ရာအတိုင်း ပညာရှင်များ၏အကြံဉာဏ်ဖြင့် ပြန်လည်တည်ဆောက်ပေးခဲ့သည်။ ပုဂံမြို့ရှိနန်းတော်၊ ရွှေဘိုမြို့ရှိနန်းတော်၊ ဟံသာဝတီရှိနန်းတော်နှင့် မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်တို့ကို ထင်ရှားစွာ လေ့လာကြည့်ရှုနိုင်ကြသည်။ မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန်၊ အမျိုးသားရေးစိတ်ဓာတ်နှင့်ယဉ်ကျေးမှုအမွေအနှစ်တို့ကို သိရှိထားခြင်းဖြင့် မိမိတို့ပိုင်ဆိုင်ထားသော နိုင်ငံတော်ကို တည်တံ့ခိုင်မြဲအောင်၊ တိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းကြရမည်ဟူသော အသိအမြင်ကိုရရှိစေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ရှိသူများလိုက်ပါ၍ သြဂုတ်လ ၂၃ ရက်နေ့က တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများ ပြုပြင်ထိန်းသိမ်းရန်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း သတင်းကို ရုပ်မြင်သံကြားတွင် တွေ့မြင်လိုက်ရသည်။ တောင်ငူ ကေတုမတီမြို့ဟောင်းဆိုင်ရာအချက်အလက်များနှင့်သမိုင်းအထောက်အထားများ၊ မြို့ဟောင်းမြို့ရိုးနှင့် ကျုံးတို့၏တည်ရှိမှု အခြေအနေများ၊ ကေတုမတီနန်းတော်နေရာအား ကွင်းဆင်းလျာထား ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မြို့လေးခံတပ်ဆိုင်ရာအချက်အလက်များ၊ မြို့ရိုးနှင့်ကျုံးကို တူးဖော်သုတေသနပြု ဆောင်ရွက်နေမှုများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရှင်းလင်းတင်ပြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှုများအပေါ် ''မြို့ရိုးနှင့်ပတ်သက်၍ တူးဖော်သုတေသနပြု လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်သူများဖြင့် စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ မြို့ရိုးများ၊ မြို့ရိုးဝင်ပေါက်များနှင့် တံတားများကိုပြန်လည်ပြုပြင်ထိန်းသိမ်း တည်ဆောက်မှုများပြုလုပ်ရာတွင် ဖြစ်နိုင်ဖွယ်ရာ အချက်အလက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျုံးနှင့်တံတားများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပြီး ထိုမှတစ်ဆင့်မြို့ရိုးများ၊ နန်းတော်ရာနေရာများကို တစ်ဆင့်ပြီးတစ်ဆင့် ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပြောင်းရွှေ့ရန်လိုအပ်သည့်ဝန်ကြီးဌာန အဆောက်အဦများကို ပြောင်းရွှေ့သွားရန် လိုကြောင်း၊ သတ်မှတ်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်နေရာများကို ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း''ပြောကြားခဲ့သည်။
ကေတုမတီနန်းတော်ရာနှင့်ပတ်သက်၍ အတည်ပြု၍ရသည့်နေရာများ၊ ဘုတ်တလုတ်ကန်နေရာ များကိုပြန်လည်ဖော်ထုတ်ရာတွင် ရှေးဟောင်းဥပဒေနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်သည်။ ရှေးဟောင်းအမွေအနှစ်များကို ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်း ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျထိန်းသိမ်းကြရမည်ဖြစ်သည်။ ကေတုမတီနန်းတော်သည် ဒုတိယမြန်မာနိုင်ငံတော်ကို စုစည်းတည်ထောင်ခဲ့သော ဘုရင့်နောင်မင်းတရားကြီး အခြေစိုက်ခဲ့သည့် နန်းတော်တစ်ခုဖြစ်သည်။
ဟံသာဝတီရှိ ကမ္ဘောဇသာဒီနန်းတော်ကြီးသို့မရွှေ့ပြောင်းမီ ဤနန်းတော်ကိုအသုံးပြုခဲ့ခြင်းဖြစ်သည်။
တောင်ငူခေတ်တွင် အုပ်စိုးသောမင်းများအနေဖြင့် သာသနာရေးကိုလွန်စွာချီးမြှင့်ခဲ့သဖြင့် ဗုဒ္ဓသာသနာလွန်စွာ ထွန်းကားခဲ့ကြောင်းသိရှိရသည်။ ယခုတိုင်ထင်ရှားသောပဲခူးမြို့မှ မဟာစေတီကဲ့သို့သော စေတီများကို တောင်ငူခေတ်က ဆောက်လုပ်တည်ထားကိုးကွယ်ခြင်းဖြစ်ရာ အုပ်ချုပ်သူ ဘုရင်မင်းများအနေနှင့် သာသနာရေးကို မည်မျှအားပေးကြောင်း သိရှိနိုင်သည်။ တောင်ငူခေတ်စာဆိုများကလည်း တောင်ငူခေတ်တွင် ဘုရားကျောင်းကန်၊ စေတီ၊ ပုထိုးများ၊ ရဟန်းသူတော်စင်များ များပြားလှကြောင်း စပ်ဆိုခဲ့ကြသည်။ တောင်ငူမင်းတို့သည် စစ်တိုက်ခိုက်သည့်ဒေသများ၌ စေတီပုထိုးများကို တည်လေ့ရှိသည်။ သီဟိုဠ်(သီရိလင်္ကာ)နိုင်ငံသို့ သာသနာပြုရန်အဖွဲ့များ စေလွှတ်ခဲ့သည်ကို တွေ့ရှိရသည်။ တောင်ငူမင်းတို့သည် ရဟန်းသံဃာတို့အား ပစ္စည်းလေးပါးထောက်ပံ့၍ ဗုဒ္ဓသာသနာကို ချီးမြှောက်ကြသည်။
တောင်ငူခေတ်တွင် ပြည်တွင်းကူးသန်းရောင်းဝယ်ရေးသာမက ပြည်ပနိုင်ငံများနှင့် ကူးသန်းရောင်းဝယ်ရေးမှာလည်း တိုးတက် အောင်မြင်ခဲ့ကြောင်းကို ခေတ်ပြိုင်မှတ်တမ်းများမှ သိရှိရသည်။ တောင်ငူမြို့သည် ဆွာမြစ်၊ ပေါင်းလောင်းမြစ်နှင့် ခပေါင်းမြစ်တို့ဆုံသည့် နေရာတွင် တည်ရှိသဖြင့် ရှေးယခင်ကပင် ထွန်ယက်စိုက်ပျိုးရန် မြေသြဇာကောင်းမွန်သောနေရာဖြစ်ခဲ့သည်။ ယခုလို တောင်ငူမြို့ ကေတုမတီမြို့ဟောင်း ရှေးဟောင်းအမွေအနှစ်နေရာများအား ပြုပြင်ထိန်းသိမ်းခြင်းသည် မျိုးဆက်သစ်အဆက်ဆက်တို့အနေဖြင့် ရှေးဟောင်း သမိုင်းအမွေအနှစ်များကို လေ့လာသိရှိနိုင်ပြီး အမျိုးဂုဏ် ဇာတိဂုဏ်ကို မြှင့်တင်နိုင်မည်ဖြစ်သည့်အတွက် ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း။ ။