ရွှေ့ပြောင်းပစ်ခတ်ဆက်သွယ် အမြောက်တပ်ဖွဲ့ဂုဏ်ရည်ကြွယ်

ရွှေ့ပြောင်းပစ်ခတ်ဆက်သွယ် အမြောက်တပ်ဖွဲ့ဂုဏ်ရည်ကြွယ်

အယ်ဒီတာ့အာဘော်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့သည် စိန်ရတုအမြောက်တပ်ဖွဲ့နေ့ဖြစ်သည်။ အမြောက်တပ်ဖွဲ့ဝင်များ အနေဖြင့် စတင်တည်ထောင်ချိန်မှ ယနေ့ကာလအထိ နိုင်ငံတော်ကာကွယ်ရေးအတွက် ပေးအပ်လာသည့် တာဝန်များအပေါ် “ရွှေ့ပြောင်း၊ ပစ်ခတ်၊ ဆက်သွယ်”ဆိုသည့် အမြောက်တပ်ဖွဲ့၏ဆောင်ပုဒ်နှင့်အညီ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးကျေပွန်အောင် စွမ်းဆောင်ခဲ့ကြသည်။ သမိုင်းကြောင်းကို ပြန်လည်လေ့လာ ကြည့်မည်ဆိုပါက ဗမာ့ကာကွယ်ရေးတပ်မတော်ကာလတွင် အမြောက်တပ်ဖွဲ့ ဖွဲ့စည်းရန် ရည်ရွယ်ပြီး ၁၉၄၆ ခုနှစ် မေလတွင် အမှတ်(၁)မြေပြင်အမြောက်တပ် No(1)Field Artillery အဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ အဆိုပါအချိန်သည် လွတ်လပ်ရေးမရမီကာလဖြစ်ပြီး လွတ်လပ်စွာစီမံပိုင်ခွင့်မရှိသေးခြင်းကြောင့် အမှတ်(၁) မြေပြင်ပစ်အမြောက်တပ်ကို ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် အမှတ်(၆)ဗမာ့သေနတ်ကိုင်တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရသည်ကိုတွေ့ ရသည်။ ၁၉၄၈ ခုနှစ် မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသွား ခြင်းနှင့်အတူ ပြည်ကွင်းလက်နက်ကိုင် ဆူပူသောင်းကျန်းမှုများပေါ်ပေါက်လာခဲ့ပြီး “ရန်ကုန်အစိုးရ”ဟုခေါ်ရ လောက်အောင် ခြိမ်းခြောက်လာခဲ့သည်။ အင်းစိန်ကို ကရင်သူပုန်တို့ဝင်ရောက်တိုက်ခိုက်နေချိန်အတွင်း အမြောက်တပ်ဖွဲ့ကို ဗိုလ်ကြီးရံထွန်းနှင့်စစ်သည် ၆၃ ဦးဖြင့် စတင်ဖွဲ့စည်းပြီး အမြန်ဆုံးတိုက်ပွဲဝင်ရန် ဗိုလ်ချုပ်နေဝင်းကိုယ်တိုင် အမိန့်ထုတ်ဖွဲ့စည်းစေခဲ့သည်။ အဆိုပါနေ့ရက်မှာ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ဖြစ်သည်။

အမြောက်တပ်ဖွဲ့အနေဖြင့် စတင်ဖွဲ့စည်းစဉ်ကတည်းက အမိန့်နာခံပြီး စစ်စည်းကမ်းကောင်းမွန်သည့် အစဉ်အလာကောင်းများပိုင်ဆိုင်ထားသည့် အဖွဲ့အစည်းတစ်ခုအဖြစ် တည်ရှိခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ပေးအပ်သည့်အမိန့်အတိုင်း သုံးရက်အတွင်း ဖွဲ့စည်းပြင်ဆင်ကာ သမိုင်းဝင် အင်းစိန်တိုက်ပွဲတွင် ထူးချွန်ပြောင် မြောက်စွာ ပစ်ကူပေးတိုက်ပွဲဝင်နိုင်ခဲ့သည်။ ထို့ကြောင့် ထိုတိုက်ပွဲအခြေအနေမှ တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းမှု ရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်မှာအမြောက်တပ်ဖွဲ့၏စွမ်းအားသည်လည်း အဓိကနေရာတွင်ပါရှိခဲ့သည်။

နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရာတွင်လည်း အမြောက်တပ်ဖွဲ့အစပြုရာ ၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲကစပြီး ယနေ့မျက်မှောက်ကာလ အကြမ်းဖက်သောင်းကျန်းသူနှိမ်နင်းရေး တိုက်ပွဲများကထိ “လိုအပ်သည့်အချိန် လိုအပ်သည့်နေရာသို့ လိုတပ်သောကျည်အရေအတွက် ကျရောက် ပေါက်ကွဲစေရမည်”ဆိုသည့် ရည်မှန်းချက်တာဝန်နှင့်အညီ ထိရောက်စွာပစ်ခတ်တိုက်ပွဲဝင်နိုင်ခဲ့သည်။ စွမ်းစွမ်း တမံဆောင်ရွက်နိုင်ခဲ့သည်မှာ အမြောက်တပ်ဖွဲ့၏ဂုဏ်ရည်ဖြစ်သည်။

အမြောက်တပ်ဖွဲ့ဝင်များအနေဖြင့် တပ်ဖွဲ့၏မူလတာဝန်များကိုသာမက တပ်မတော်၏ပြည်သူ့အကျိုးပြု လုပ်ငန်းများ ၂၀၀၁ ခုနှစ်ကဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်း၊ ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်း အပြင် နိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ တွင်လည်း တက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် နိုင်ငံတော်ကို ဘက်ပေါင်းစုံက အဖျက်အမှောင့်လုပ်ငန်းမျိုးစုံဆောင်ရွက်နေသည့် အကြမ်းဖက် သောင်းကျန်းသူများကို ချေမှုန်းရာတွင်လည်း အမြောက်တပ်ဖွဲ့ဝင်များ၏ပြောင်မြောက်သည့် စွမ်းဆောင်ရည် များကို တွေ့ရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် (၇၅)နှစ်မြောက် စိန်ရတုအမြောက်တပ်ဖွဲ့နေ့အထိမ်းအမှတ်ဂုဏ်ပြုအမှာစကားပြောကြားစဉ် “အမြောက် တပ်ဖွဲ့အနေဖြင့် နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်ရန် ခေတ်မီအမြောက်လက်နက်များ၊ ခဲယမ်းများနှင့် အမြောက်တပ်ဖွဲ့သုံးကိရိယာများကို တပ်ဆင်ပေးနေသကဲ့သို့ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်စေရေးအတွက် ပြည်ပနိုင်ငံများကို ပညာတော်သင်များ စေလွှတ်ပေးခြင်းတို့လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပမှ လေ့လာသင်ယူခဲ့သည့် ပညာရပ်များကို မိမိတို့မှာရှိပြီးသား အမြောက်ပညာရပ်များနှင့်ပေါင်းစပ်ပြီး အမြောက် တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များကို ပိုမိုသိရှိနားလည်အောင်သင်တန်းများဖွင့်လှစ်ပြီး ပြန်လည်သင်ကြားလေ့ကျင့် ပေးလျက်ရှိကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

မျိုးဆက်သစ်အမြောက်တပ်ဖွဲ့ဝင်များအနေဖြင့်လည်း အမြောက်တပ်ဖွဲ့၏ အစဉ်အလာကောင်းများကို လက်ဆင့်ကမ်းတာဝန်ယူထိန်းသိမ်းသွားကြပြီး အနာဂတ်တပ်မတော်နှင့်အမြောက်တပ်ဖွဲ့ဝင်များကို အဖိုးတန် အမွေအဖြစ်ပေးအပ်နိုင်ရန် ကြိုးစားကြရမည်ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် အမြောက်တပ်ဖွဲ့သည် နိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို ဝိုင်းဝန်းကာကွယ်ရင်း ယနေ့တွင် နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သည့် ခေတ်မီအမြောက်တပ်ဖွဲ့တစ်ခုအဖြစ် ဝင့်ကြွားထည်ဝါစွာ ရပ်တည်နိုင် ခဲ့ပြီဖြစ်သည်။ အမြောက်တပ်ဖွဲ့ဝင်များအနေဖြင့် ချမှတ်ထားသည့် တပ်ဖွဲ့၏ဆောင်ပုဒ်များ၊ ကြွေးကြော်သံ များအတိုင်းထိန်းသိမ်းဆောင်ရွက်ကြပြီး ကျရာတာဝန်များကို ကျေပွန်အောင်ဆက်လက်ထမ်းဆောင်ကြရ မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် စွမ်းရည်ထက်မြက်သည့်၊ နိုင်ငံတော်ကာကွယ်ရေးအတွက် အားထားရ သည့် လက်ရုံးတပ်ဖွဲ့အဖြစ် အမြဲတမ်းတည်တံ့နေစေရေး တပ်ဖွဲ့ဝင်အားလုံးက အားသွန်ခွန်စိုက်ကြိုးပမ်း ကြရန် ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။