သီတဂူစက္ခုဒါနဆေးရုံတော်၌ မျက်စိဝေဒနာရှင် ၂၃၀ ဦးအား အခမဲ့စမ်းသပ်၊ စစ်ဆေး၊ ခွဲစိတ်ကုသပေးနိုင်ခဲ့

 

သီတဂူစက္ခုဒါနဆေးရုံတော်၌ မျက်စိဝေဒနာရှင် ၂၃၀ ဦးအား အခမဲ့စမ်းသပ်၊ စစ်ဆေး၊ ခွဲစိတ်ကုသပေးနိုင်ခဲ့

ရန်ကုန် ဩဂုတ် ၂၆                            

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သောဠသမ ရွှေကျင်သာသနာပိုင်  သီတဂူဆရာတော်    ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ သီတဂူမျက်စိအထူးကုအဖွဲ့၊ အထူးကု ဆရာဝန်ကြီးများနှင့် သူနာပြုဆရာမများက ခေတ်မီစမ်းသပ်စစ်ဆေးသော စက်ကြီးများဖြင့် သတ္တမအကြိမ်မြောက် အခမဲ့စမ်းသပ်၊ စစ်ဆေးခွဲစိတ်ကုသမှုများကို ဆောင်ရွက်ပေးခဲ့ရာ  မျက်စိဝေဒနာရှင် ၂၃၀ ဦးကို အမြင်အလှူပေးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ အခမဲ့၊ စမ်းသပ်၊ ခွဲစိတ်ခြင်းများ ဆောင်ရွက်ရာ ဩဂုတ်လ  ၂၃  ရက်တွင် မျက်စိစမ်းသပ် စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ဩဂုတ်လ ၂၄ ရက်တွင် မျက်စိဝေဒနာရှင်  ၉၂ ဦးနှင့် ဩဂုတ်လ ၂၅ ရက်တွင်၇၃ ဦး၊ ဩဂုတ်လ ၂၆ ရက်တွင် ၆၅ ဦး စုစုပေါင်း ၂၃၀ ဦးကိုခွဲစိတ်ပြီး အမြင်အလှူပေးနိုင်ခဲ့သည်။

အဆိုပါ အခမဲ့၊ စမ်းသပ်၊ ခွဲစိတ်ခြင်းများကို  ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်( မြောက်ပိုင်း)မြို့နယ် ပင်လုံလမ်းရှိ သီတဂူဆေးရုံတော် ကိုးထပ်ကျောင်းဆောင်၌ ဆောင်ရွက်ခဲ့ရာ အနယ်နယ်အရပ်ရပ်က မျက်စိဝေဒနာရှင်များ လာရောက်ပြသကြကြောင်းနှင့်  လာရောက်ပြသသူများကိုလည်း တည်းခို၊ နေထိုင်၊ သွားလာရေး အပြင်စားသောက်ဖွယ်ရာများကိုပါ စီစဉ်ပေးနိုင်ခဲ့သည်။

ဆက်လက်၍  သတ္တမအကြိမ်မြောက်အခမဲ့ စမ်းသပ်၊ စစ်ဆေးခွဲစိတ်ကုသမှုများကို ဆောင်ရွက်ပေးခဲ့ရာတွင် အမြင်အလှူပေးနိုင်ခဲ့သည့် မျက်စိဝေဒနာရှင်များကို ဩဂုတ်လ  ၃၁ ရက်တွင်အမြင် ပြန်လည်စမ်းသပ် စစ်ဆေးပေးသွားမည်ဖြစ်သည့်အပြင်(၈)ကြိမ်မြောက်တွင် မျက်စိအခမဲ့ စမ်းသပ်၊ စစ်ဆေးခွဲစိတ်ကုသမှုများကို ခံယူလိုသည့် မျက်စိဝေဒနာရှင်များ အနေဖြင့်လည်း  စက်တင်ဘာလပထမပတ်တွင် စာရင်းပေးသွင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။                                     

လင်းခန့်