တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ကလောင်စွမ်းဖြင့်ပါဝင်ပေး
အကြိမ်(၃ဝ)မြောက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ဆုနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှမိသားစုက ပခုက္ကူစာပေဆုရန်ပုံငွေသို့ ငွေကျပ်သိန်း ၁ဝဝ၊ မြန်မာနိုင်ငံစာကြည့်တိုက်များနှင့် တပ်မတော်တပ်ရင်းတပ်ဖွဲ့များလက်အောက်ရှိ စာကြည့်တိုက်များသို့ လူထုသိပ္ပံကျမ်းစာအုပ်စုစုပေါင်း ၃ဝဝဝ ပေးအပ်လှူဒါန်းသည့်အခမ်းအနားကို သြဂုတ်လ ၂၄ ရက်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အားလျော်စွာ နိုင်ငံသူ၊ နိုင်ငံသားတိုင်း အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် နိုင်ငံတော် အကြီးအကဲအနေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးလျက်ရှိသလို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ/တပ်ရင်းတပ်ဖွဲ့စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များကိုလည်း မကြာခဏလှူဒါန်းပေးလျက်ရှိသည်။ ယခုကျင်းပသည့် အခမ်းအနားတွင်လည်း လူထုသိပ္ပံကျမ်း အတွဲ(၆)နှင့်အတွဲ(၇)တစ်မျိုးလျှင် အုပ် ၁၅ဝဝ စီဖြင့် စုစုပေါင်းအုပ် ၃ဝဝဝ ကိုထပ်မံလှူဒါန်းခြင်း ဖြစ်သည်။ စာကြည့်တိုက်များသည် ပညာဖြန့်ဝေပေးရာဌာနကြီး တစ်ခုဖြစ်သည့်အတွက် လူတိုင်း၊ လူတိုင်း စာကြည့်တိုက်သို့ သွားရောက်စာဖတ်ကြရန်လိုအပ်သည်။
လူငယ်များအနေဖြင့် အတန်းပညာတတ်မြောက်ရုံသာမက အသိပညာပြည့်ဝရန်လည်းလိုအပ်သည်။
အသိပညာဗဟုသုတပြည့်ဝရန်မှာ သုတစာပေ၊ ရသစာပေများဖတ်ရှုကြရမည်ဖြစ်သည်။
စာပေ၏အစွမ်းသတ္တိသည် အမှောင်ခွင်းပြီးအလင်းဆောင်နိုင်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှမိသားစုက ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုရန်ပုံငွေသို့ ငွေကျပ်သိန်း ၁ဝဝ ထည့်ဝင်လှူဒါန်းခြင်းမှာ စာပေလောကသားများအတွက် ဝမ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ပခုက္ကူဦးအုံးဖေစာပေဆုရန်ပုံငွေသို့ ငွေကျပ် ၇၅ သိန်း ထည့်ဝင်လှူဒါန်း ခဲ့သည့်အတွက် ပခုက္ကူစာပေဆုချီးမြှင့်မှုတွင် များစွာအထောက်အကူဖြစ်စေသည်။
ယခုစာပေဆုချီးမြှင့်ပွဲတွင် တစ်သက်တာစာပေဆုအပါအဝင် ဝတ္ထုရှည်ဆု၊ ဝတ္ထုတိုပေါင်းချုပ်ဆု၊ ကဗျာပေါင်းချုပ်ဆု၊ ကျမ်းစာပေဆုနှင့်သုတေသနစာပေဆု စုစုပေါင်း ၁၆ ဆုချီးမြှင့်ခဲ့သည်။
ပခုက္ကူဦးအုံးဖေသည် စာပေကိုလွန်စွာဝါသနာကြီးမားလွန်းလှသည့်အတွက် ၁၉၉၄ ခုနှစ် သူ၏အသက် (၇၆)နှစ်အချိန်တွင် ငွေကျပ် ၇၆ သိန်းကို နိုင်ငံတော်သို့လှူဒါန်းခဲ့ရာမှ ပခုက္ကူစာပေဆုပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယခုဆိုလျှင် ဆုချီးမြှင့်သည့်အကြိမ်ပေါင်း (၃ဝ) မြောက်သို့ရောက်ရှိခဲ့ပြီဖြစ်သည်။
လူသာကွယ်လွန်သော်လည်း ပခုက္ကူဦးအုံးဖေ၏အမည်မှာ စာပေသမိုင်းတွင် နာမည်ကောင်းဖြင့် တွင်ကျန်ရစ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆုနှင့် ပခုက္ကူစာပေဆုတို့မှာ စာပေလောကသားများအတွက် စာပေမှတ်တိုင်စိုက်ထူရာဆုများဖြစ်သည်။ အခြားသောပုဂ္ဂလိကစာပေဆု များသည်လည်း ထိုနည်းအတူဖြစ်သည်။
စာပေဆုရရှိရန်အတွက် စာပေလောကသားတိုင်းကကြိုးစားကြသည်။ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးစားအားထုတ်ကြရသလို ထူးခြားသောအတွေးအခေါ်အယူအဆများကို ရေးဖွဲ့ကြရသည်။ ကြိုးစား သူတိုင်းအတွက် အောင်ပွဲက လက်ကမ်းကြိုနေမည်ဖြစ်သည်။ စာပေလောကသားဆိုသည်မှာ စာပေပညာရှင် ဝါသနာရှင်နှင့် စာပေကိုမြတ်နိုးသူများကိုဆိုလိုခြင်းဖြစ်သည်။ စာပေကိုမြတ်နိုးစွာ ကြိုးစားရေးသား နေကြသူများတွင် ရဟန်းစာဆိုများ၊ ဌာနစုံမှဝန်ထမ်းများ၊ အငြိမ်းစားများနှင့် တပ်မတော်သားများ ပါဝင်သည်။ ‘‘အမှောင်ခွင်း၍ အလင်းဆောင်အံ့’’ ဟူသောစာပေဆောင်ပုဒ်သည် ခေတ်အဆက်ဆက် လူသားတို့အနေဖြင့် စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ဖြစ်သည်။
စာပေဖတ်ရှုခြင်းဖြင့် စာပေမှပေးသောသုတရသစုံလင်စွာရရှိသဖြင့် ဉာဏ်အလင်းကို ရရှိစေသည်။
မကောင်းသောလမ်းကြောင်း၊ ဘေးဆိုးကပ်ဆိုးမှလည်းရှောင်ကွင်းနိုင်သည်။ အမှောင်ခွင်းသည် ဆိုသော်လည်း ယနေ့လမ်းမှားတွင်ရောက်နေကြသူများမှာ စာပေဖတ်ရှု လေ့လာမှုနည်းပါးလွန်း၍ အမှောင်ကိုမခွင်းနိုင်ခြင်း ဖြစ်သည်။
မိမိနိုင်ငံ၊ မိမိလူမျိုးတို့၏ ဂုဏ်တင့်စေနိုင်ရေးအတွက်လည်း စာပေမြင့်မှလူမျိုးတင့်မည်ဟု ဆိုထားပေရာ စာပေသည် လူသားတို့၏ ဂုဏ်ကိုတင့်တယ်စေသည်မှာ အမှန်ပင်ဖြစ်သည်။ လူတိုင်းတွင်မိတ်ဆွေ အပေါင်းအသင်း ရှိကြသော်လည်း ထိုမိတ်ဆွေအပေါင်းအသင်းသည် မိတ်ဆွေကောင်းဖြစ်ချင်မှ ဖြစ်ပေမည်။
စာပေသည်ကား စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း အချိန်နှင့်အမျှလူသားတို့ကို အကျိုးပြု နေမည်သာဖြစ်သည်။ နိုင်ငံတော်က စာပေလောကသားများအတွက် အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆုနှင့် ပခုက္ကူစာပေဆုများ ချီးမြှင့်ဂုဏ်ပြုလျက်ရှိပေရာ စာပေပညာရှင်များအား ထိုက်သင့်သည့်
ဂုဏ်ပြုချီးမြှောက်မှုများပြုနေသည်မှာ ဝမ်းသာကြည်နူးဖွယ်ကောင်းလှသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်ကလည်း အထက်ပါအတိုင်း ဂုဏ်ပြုချီးမြှင့်နေသကဲ့သို့ စာပေလောကသားများ အနေဖြင့်လည်း မိမိနိုင်ငံတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးတွင် ကလောင်စွမ်းအားဖြင့် တစ်တပ်တစ်အား ပါဝင်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။