လူကုန်ကူးမှုပပျောက်ရေးအားလုံးပါဝင်ပေး
အယ်ဒီတာ့အာဘော်
(၂၀၂၄ ခုနှစ်၊ မေ ၂၁ ရက်)
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ်စီမံကိန်းကာလကို ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။ လူကုန်ကူးမှုသည် မြန်မာ့လူမှုပတ်ဝန်းကျင်တွင် လုံးဝမရှိသင့်သော ကိစ္စရပ်ဖြစ်သည်။ မသိနားမလည်သူများကို ငွေကြေးမြောက်မြားစွာရရှိမည့် အလုပ် အကိုင်အခွင့်အလမ်းကောင်းများရှိသည်ဟူသော လိမ်လည်စည်းရုံးကာ လူကုန်ကူးမှုကို ကျူးလွန်နေကြ ခြင်းဖြစ်သည်။ ပြည်တွင်းပွဲစားများက တစ်လကို မြန်မာငွေဆယ်သိန်းနှင့်အထက် ရရှိမည်ဟူသော မက်လုံးကြောင့် အချို့သောအမျိုးသမီးများသည် ပြည်ပသို့ ထွက်ခွာသွားကြသည်။ အမှန်တကယ် သွားရောက်အလုပ် လုပ်ရာတွင် အခက်အခဲများ များစွာကြုံတွေ့ရပြီး နောက်ဆုံးတွင်သက်ဆိုင်ရာသို့ အကူအညီတောင်းခံလာသည့်အတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ ကူညီဆောင်ရွက်မှုဖြင့် မြန်မာ နိုင်ငံသို့ ကောင်းမွန်စွာ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။
လူကုန်ကူးမှုခံရသူများတွင် တူညီသောအချက်မှာ သတင်းအမှားများဖြင့် လိမ်လည်လှည့်ဖြား ခံရခြင်း သည် အဓိကအချက်ဖြစ်ကြောင်း သိရှိနိုင်သည်။ ပြောင်းလဲတိုးတက်နေသော အင်တာနက် နည်းပညာ များကိုအသုံးပြု၍ လူကုန်ကူးသူများက လူသစ်စုဆောင်းမှုများ ပြုလုပ်လာကြသည်။ အလုပ်အကိုင် အခွင့်အလမ်းများ၊ မက်မောဖွယ်ငွေကြေးများဖြင့် ဆွဲဆောင်စည်းရုံးကာ လူကုန်ကူးမှုကို ကျူးလွန်နေ ကြသည်။ နိုင်ငံခြားသားများအနေဖြင့် ကွန်ပျူတာ၊ နည်းပညာနှင့်ဆက်စပ်သည့်အလုပ်လုပ်ကိုင်ရန် အွန်လိုင်းမှတစ်ဆင့် လစာကောင်းသည့်အလုပ်ရမည်ဟု ပြောဆိုစည်းရုံး၍ လိမ်လည်ခေါ်ဆောင်မှုများ ကို ပြည်သူများအနေဖြင့် လုံးဝယုံကြည်မှုမရှိရန် လိုအပ်သည်။
စဉ်းစားတွေးခေါ်ဉာဏ်နည်းပါးသူတို့မှာ လိမ်လည်လှည့်ဖြားသူတို့၏ ဖြားယောင်းမှုကွန်ရက်တွင် အားကိုးတကြီးဖြင့် လိုက်ပါသွားတတ်ကြရာမှ လူကုန်ကူးခံကြရခြင်း ဖြစ်သည်။ လူကုန်ကူးမှုဆို သည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားပုဂ္ဂိုလ်တစ်ဦးဦးကို ထိုသူ၏သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်မှုပြုရန်အလို့ငှာ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်း ဖြင့်အနိုင်အထက် ပြုခြင်း၊ သွေးဆောင်ခေါ်ယူခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ လုပ်ပိုင်ခွင့် သို့မဟုတ် အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ ဘဝရပ်တည်ရန် ခက်ခဲနေသော အခြေအနေကို အခွင့်ကောင်း ယူ၍ အလွဲသုံးစားပြုခြင်း၊ ထိုသူအပေါ်ချုပ်ကိုင်နိုင်သူ သို့မဟုတ် တစ်နည်းနည်း လွှမ်းမိုးနိုင်သူ၏ သဘောတူညီချက်ရရှိရန် ငွေကြေး၊ ပစ္စည်း သို့မဟုတ် အခြားအကျိုးအမြတ် တစ်စုံတစ်ရာကို ပေးခြင်း သို့မဟုတ် လက်ခံရယူခြင်းတို့ကိုဆိုလိုခြင်း ဖြစ်သည်။ ထို့ပြင် ကလေးသူငယ်အား ခေါင်းပုံဖြတ်မှု တစ်ခုခု ပြုလုပ်ရာတွင် သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းပြုလုပ်ပါက လူကုန်ကူးမှု ကျူးလွန်သည်ဟု မှတ်ယူရမည် ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေ၏ ရည်ရွယ်ချက်တွင် လူကုန်ကူးမှုများအား အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ တားဆီးနှိမ်နင်းရန်၊ လူကုန်ကူးခံရသူ အားလုံးကို ကာကွယ်စောင့်ရှောက်ရန်၊ အထူးသဖြင့် လူကုန်ကူးခံရသူ အမျိုးသမီးနှင့် ကလေးသူငယ် များအား အလေး ဂရုပြု၍ ကာကွယ်ရန်နှင့်အကူအညီပေးရန်၊ လူကုန်ကူးမှုကျူးလွန်သူများအား ထိရောက်မြန်ဆန်စွာစုံစမ်း ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိုက်သင့်သော ပြစ်ဒဏ်များချမှတ်ခြင်းဖြင့် လူကုန်ကူးမှုများလျော့နည်း ပပျောက်စေရန်၊ လူကုန်ကူးခံရသူများကို ကယ်ဆယ်ရေး၊ ပြန်လည် လက်ခံရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ အကူအညီပေးရေး၊ ပြန်လည်ထူထောင်ရေးနှင့် ၎င်းတို့အား လူမှုအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက် နိုင်ရန်၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်ကလက်ခံထားသော အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ ပရိုတိုကောများ၊ ဒေသတွင်းနိုင်ငံများ၊ ဒေသခွဲတွင်းနိုင်ငံများနှင့် ချုပ်ဆိုထား သည့်စာချုပ်များ၊ နှစ်နိုင်ငံသဘောတူ စာချုပ်များနှင့်အညီ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လည်းကောင်း၊ အဖွဲ့ဝင်နိုင်ငံများနှင့်လည်းကောင်း ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေကို ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း(MSME)များ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက် နေသည့်အတွက် မိမိနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါများလာနေပြီ ဖြစ်သည်။ ပြည်သူများအနေဖြင့် ပြည်ပသို့သွားရောက် အလုပ်လုပ်ကြမည့်အစား မိမိနိုင်ငံအတွင်း နေထိုင် လုပ်ကိုင်ခြင်းက လုံခြုံစိတ်ချ၍ ဘေးအန္တရာယ်ကင်းရှင်းမှုရှိမည် ဖြစ်သည်။ ပြည်သူများအနေဖြင့် မိမိတို့ ပတ်ဝန်းကျင်တွင် လူကုန်ကူးမှုကျူးလွန်သူများကို ဖော်ထုတ်အရေးယူရာတွင် ပူးပေါင်းပါဝင် သတင်း ပေးကူညီခြင်းကို အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့် ပါဝင်ကြရန်လိုပေသည်။ ပြည်ပသို့ အလုပ်အကိုင် သွားရောက် လုပ်ဆောင်မည်ဆိုပါက နိုင်ငံအချင်းချင်း ချိတ်ဆက်ထားသည့် တရားဝင်လမ်းကြောင်းမှ သွားရောက်ကြရန် ဖြစ်သည်။ သို့မှသာ လူကုန်ကူးခံရခြင်း အန္တရာယ်မှ ကင်းဝေးမည်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။
၃၀-၈-၂၀၂၂ မြဝတီသတင်းစာ၊ စာ-၆
၂၈-၃-၂၀၂၃ မြဝတီသတင်းစာ၊ စာ-၁၅
