တောင်ကြီးမြို့ရှိ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြား ထုတ်ပေးပြီး Biometric ကောက်ယူမှု ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကြည့်ရှုအားပေး

တောင်ကြီးမြို့ရှိ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြား ထုတ်ပေးပြီး Biometric ကောက်ယူမှု ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကြည့်ရှုအားပေး

နေပြည်တော်  မေ  ၂၀

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ကြီးမြို့နယ် ဦးစီးမှူးရုံးသို့သွားရောက်၍ မြို့နယ်ရုံးအတွင်း၌ ဝန်ထမ်းများက နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသေးသူများ၊ လဲလှယ်လျှောက်ထားသူ ပြည်သူများကို ပန်းခင်းစီမံချက် အဆင့်(၃) ဖြင့် နိုင်ငံသားကတ်ပြား စိစစ်ဆောင်ရွက်ပေးနေမှု၊ ယင်းသို့ဆောင်ရွက်ပြီးပါက e-ID စနစ်အတွက် Biographic/ Biometric ကောက်ယူကာ UID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုတို့ ကိုလှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများကို လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မြို့နယ်ရုံးရှေ့၌ ဝန်ထမ်းများက   နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူများကို e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း ၁၀ လုံးပါ (Unique ID) နံပါတ် ထုတ်ပေးနေမှုကို လှည့်လည်ကြည့်ရှုကာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ တာဝန် ရှိသူများ၏ လိုက်လံရှင်းလင်း တင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီးက  လိုအပ်သည်များ မှာကြား ပြီး Unique ID နံပါတ်လာရောက်ဆောင်ရွက်ကြသူ ပြည်သူများကို လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်းဆွေးနွေး၍ UID နံပါတ်ရရှိပြီးပါက ပြည်သူများ၏ လူမှုဘဝမြှင့်တင်ရေးအတွက် အခြားသော ဝန်ဆောင်မှုလုပ်ငန်းများနှင့် ချိတ်ဆက်နိုင်မှု၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ထိရောက်စွာ အသုံးပြု နိုင်မှုနှင့် ပျောက်ဆုံးမှု မရှိစေရေးအတွက် စနစ်တကျကိုင်တွယ် ထိန်းသိမ်းနိုင်ရေး အခြေအနေများကို ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးသည်။

ယင်းသို့ဆောင်ရွက်ပေးရာတွင် နိုင်ငံသားကတ်ပြားမရှိသေးသူနှင့် လဲလှယ်လျှောက်ထားသူ စုစုပေါင်း ၂၇ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးကာ Biographic/Biometric ကောက်ယူ၍ UID နံပါတ် တစ်ပါတည်း ထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံသားကတ်ပြားရှိပြီးသူ ပြည်သူ ၂၇၄ ဦးကို Biographic/Biometric ကောက်ယူ၍ UID နံပါတ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးမှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျ ထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ လူတစ်ဦးချင်းစီ ကိုယ်ရေးဖိုင်များဖြစ်သည်နှင့်အညီ လုံခြုံစွာ ထားရှိဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်နှင့် ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ် တားဆီးဆောင်ရွက်ရေး၊ အသုံးပြုကိုင်တွယ်ရာတွင်လည်း စနစ်တကျမှတ်တမ်းရေးသွင်းကိုင်တွယ် ထိန်းသိမ်းဆောင်ရွက်ကြရေး မှာကြားကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများ၊ ကယားပြည်နယ်မှ ယာယီနေရပ်စွန့်ခွာ ရောက်ရှိနေသည့် ဝန်ထမ်းများကို တွေ့ဆုံသည်။  

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်အဆင့်(၃)လုပ်ငန်းစဉ်    အောင်မြင်ရေးအတွက်လည်း ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်လုံးကျွတ်လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ကိုလည်း ယခုနှစ် အောက်တိုဘာလ  ၁ ရက်မှ ၁၅  ရက်အထိ  ကောက်ယူမည်ဖြစ်ရာ လုပ်ငန်းစဉ်အဆင့်ဆင့် အောင်မြင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ထို့ပြင် e-ID စနစ်ကိုလည်း မိမိတို့ဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိရာ ယခုအခါ   နိုင်ငံသား ကတ်ရှိပြီးသူများနှင့် နိုင်ငံသားကတ်ပြားအသစ် လျှောက်ထားရယူသူများကို Biographic/Biometric ကောက်ယူကာ ရုံးချုပ်ရှိ e-ID Server ရှိအချက်အလက်များနှင့် တိုက်ဆိုင်စိစစ်၍ Unique ID နံပါတ်များ ထုတ်ပေးဆောင် ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်သည် နယ်စပ်ဒေသနှင့် ထိစပ်နေသည့် ပြည်နယ် တစ်ခုဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်မှုတိုင်း၌ အထူးအလေးထား ဂရုပြုဆောင်ရွက်ကြရန်နှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်သူကို ထိရောက် သော ဝန်ဆောင်မှု များပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အားလုံးသည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့် လုပ်ငန်းများ ဖြစ်သည့်အတွက် ဝန်ထမ်းအားလုံးစည်းလုံးညီညွတ်စွာ ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက် များကို လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)