ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Iskander Azizov အား ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လက်ခံတွေ့ဆုံ
နေပြည်တော် ဩဂုတ် ၂၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Iskander Azizov အား နေပြည်တော်ရှိ ရုံးအမှတ်(၁၆) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အဖွဲ့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ အကျိုးတူပူးပေါင်း၍ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်မည့်စက်ရုံ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (MoC) လက်မှတ်ရေးထိုးခွင့်ဆိုင်ရာများ၊ သမဝါယမကဏ္ဍမှ နေကြာဧက ၉၀၀၀၀ စမ်းသပ်စိုက်ပျိုးနိုင်ရေး ရုရှားနိုင်ငံ၏ နေကြာမျိုးစေ့များ ပံ့ပိုးပေးမည့် အခြေအနေများ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲနှင့် အမျိုးသား အားကစားပွဲတော် ဘောလုံးပြိုင်ပွဲများတွင် အဆင့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ရည်ရွယ်၍ နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပလျက်ရှိသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တတိယနေရာလုပွဲ ပွဲစဉ်ဖြစ်သော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအသင်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြပုံများကို လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သော သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) အသင်းနှင့် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြပုံများကို လည်းကောင်း ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူများ၊ အသန့်ရှင်းဆုံး အသင်းဆုနှင့် တတိယဆုရရှိသော အသင်းတို့ကို တာဝန်ရှိသူများက လည်းကောင်း၊ ဒုတိယဆုရရှိသော အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအသင်းကို ဒုတိယဝန်ကြီး ဦးမြင့်စိုးက လည်းကောင်း တစ်ဦးချင်းလည်ဆွဲတံဆိပ်များ၊ ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပွဲစဉ်ပထမ ရွှေတံဆိပ်ဆုရရှိသော သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (စစ်ကိုင်း) အသင်းကို တစ်ဦးချင်း လည်ဆွဲတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက် ဆုဖလားကြီးကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။