ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခြောက်ခရိုင်နှင့် တက္ကသိုလ်များ အသက် ၂၃ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခြောက်ခရိုင်နှင့် တက္ကသိုလ်များ အသက် ၂၃ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ

ပဲခူး    ဩဂုတ်     ၂၇

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခြောက်ခရိုင်နှင့် တက္ကသိုလ်များ အသက်၂၃ နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ပဲခူးမြို့ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး  အားကစားဥယျာဉ်   မိုးလုံလေလုံအားကစားရုံ၌ကျင်းပရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က  ဒေသတွင်း  အသက်အရွယ်အလိုက် ထူးချွန်အားကစားသမားများ မွေးထုတ်ပေး နိုင်ရေး၊ လူငယ်လက်ရွေးစင်အဆင့်မှသည် နိုင်ငံ့ဂုဏ်ဆောင်  မြန်မာ့လက်ရွေးစင် အားကစားသမား များအဖြစ် မွေးထုတ်ပေးနိုင်ရေးနှင့်    မြန်မာ့ပိုက်ကျော်ခြင်း အားကစားကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေးနှင့် လူငယ်သွေးသစ် ပိုက်ကျော်ခြင်း အားကစားသမား များ   ပေါ်ထွက်လာစေရေး   ရည်ရွယ်ကျင်းပပေးရခြင်းဖြစ်ကြောင်း  ပြောကြားသည်။

 ထို့နောက် ပြိုင်ပွဲဝင်အားကစားအသင်း များမှ အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက်ရွတ်ဆိုအလေးပြုခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက   ပြိုင်ပွဲဝင် အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များက ပဲခူးတက္ကသိုလ် အသင်းနှင့် နတ်တလင်းခရိုင် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြသည်။

အဆိုပါ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဖလားခြောက်ခရိုင်နှင့် တက္ကသိုလ်များ အသက် ၂၃ နှစ်အောက်  အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲအား သြဂုတ်လ ၂၇  ရက်မှ၂၉ ရက် အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီး အတွင်းရှိ ခရိုင်ခြောက် ခရိုင်ကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းခြောက်သင်း၊ တက္ကသိုလ်များ ကိုယ်စားပြု ပြိုင်ပွဲဝင် အသင်းငါးသင်း စုစုပေါင်းပြိုင်ပွဲဝင်အသင်း ၁၁ သင်းပါဝင်ကာ အုပ်စုလေးအုပ်စုခွဲ၍ ပတ်လည်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

(၄၀၁)၊ တင်စိုး(ပဲခူး)