ပညာအလင်းရောင်နှင့်လမ်းကြောင်းမှန်
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ ဩဂုတ် ၂၉ ရက်)
နိုင်ငံတိုင်းတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်လျက်ရှိကြသည်။ လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်မှုအများဆုံးသောနိုင်ငံတိုင်းသည် ဖွံ့ဖြိုးတိုးတက်မှုပိုမိုသည်ဟုဆိုနိုင်သည်။ မြန်မာနိုင်ငံသည်လည်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍကို အထူး အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက် စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်း လက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်လျက်ရှိသည်။ နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလ ငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုလည်း မြှင့်တင်ဆောင်ရွက်ပေး လျက်ရှိ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပညာရည်ဖွံ့ဖြိုးတိုးတက်စေရေး ပညာရေးကို အားပေး ဆောင်ရွက်လျက်ရှိသည်။ ပညာတတ်လူသား အရင်းအမြစ်များဖြင့် တိုင်းပြည်၏ အနာဂတ်ကို တည်ဆောက်နိုင်ရေး ပုံဖော်နေခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်နှင့် နိုင်ငံရေးအခက်အခဲ၊ အကျပ်အတည်းများကြား၌ပင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကျောင်းသား၊ ကျောင်းသူ များ၏ ပညာသင်ကြားမှုအခွင့်အရေးများဆုံးရှုံးမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ နိုင်ငံတော် အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သဖြင့် သင်ကြားရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ကျောင်းနေသူများအားလုံး အတန်း ပညာများ အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးရန်ဖြစ်သည်။
မန္တလေးပညာရေး ဒီဂရီကောလိပ်တွင် နိုင်ငံအဝန်းနယ်ပေါင်းစုံမှ လာရောက်သင်တန်းတက်ရောက် ကြခြင်းဖြစ်သဖြင့် မိမိတို့ဒေသအလိုက် ပညာရည်မြှင့်တင်ရေးမည်သို့ဆောင်ရွက်လျှင် ပိုမိုကောင်းမွန် မည်ဆိုသည်ကို စဉ်းစားတွေးတော၍ ဆောင်ရွက်ကြရမည်ဖြစ်သည်။ လေးနှစ်တာကာလအတွင်း လေ့ကျင့်ရေးများကို စနစ်တကျလိုက်ပါဆောင်ရွက်ပြီး အဆိုပါလေ့ကျင့်ခန်းများကို မိမိတို့တာဝန် ထမ်းဆောင်ချိန်တွင် ပြန်လည်အသုံးချရန်လိုသည်။ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခြင်းများ၊ စည်းကမ်း နှင့်အညီ နေထိုင်သွားလာခြင်းများကို မိမိတို့ပြန်လည်သင်ကြားပေးရမည့် ကျောင်းသား၊ ကျောင်းသူများ အား ထပ်ဆင့်သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သြဂုတ်လ ၂၆ ရက်က မန္တလေးပညာရေးဒီဂရီကောလိပ်ရှိ နည်းပြဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးပြောကြားစဉ် “ပညာဆိုသည်မှာ စာပေသင်ကြားခြင်းသာမက အသိပညာ၊ အတတ်ပညာများလည်း ပါဝင်ကြောင်း၊ လေးနှစ်တာကာလအတွင်း စနစ်တကျသင်ယူသွားမည်ဆိုပါက မီးအလင်းရောင်နှင့်တူသည့် ပညာများ ကိုရရှိမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်တန်းတက်ရောက်နေစဉ် ကာလ အတွင်း ရရှိခဲ့သည့်အတွေ့အကြုံများ၊ ပညာများကို မိမိတို့တာဝန်ထမ်းဆောင်ချိန်တွင် ပြန်လည် သင်ကြားပေးကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံတိုးတက်ကောင်းမွန်ရေးကို ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
တိုင်းရင်းသားဒေသများတွင် အတန်းပညာသင်ကြားရန်အတွက် ဘာသာစကား အခက်အခဲများ ရှိနိုင်သည်။ ပညာရေးဒီဂရီကောလိပ်တွင် လာရောက်ပညာသင်ကြားလျက်ရှိသည့် တိုင်းရင်းသားများ အနေဖြင့်လည်း မိမိတို့တာဝန်ထမ်းဆောင်သည့် နေရာဒေသများသို့ ရောက်ရှိပါက ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ် စာတတ်မြောက်မှုရှိစေရေး၊ တန်းစဉ်ကူးပြောင်းမှုများမြင့်မားစေရေး ကြိုးပမ်း ဆောင်ရွက်သင်ကြားပေးရမည် ဖြစ်သည်။ တန်းစဉ်ကူးပြောင်းမှုများ မြင့်မားခြင်းဖြင့် ပညာတတ် လူသားအရင်းအမြစ်များ ပေါကြွယ်ဝလာနိုင်မည် ဖြစ်သည်။ ဆရာ၊ ဆရာမများအဖြစ် တာဝန်ထမ်းဆောင်ရာတွင်လည်း စာပေဖတ်မှတ်လေ့လာခြင်းများကို ဆက်လက်ဆောင်ရွက်နေကြ ရမည် ဖြစ်သည်။ ထို့ပြင် ပတ်ဝန်းကျင်ကိုလေ့လာခြင်းနှင့် ပတ်သက်၍လည်း အမြဲမပြတ် ဆောင်ရွက် နေကြရမည်ဖြစ်သည်။ မိမိတို့တစ်ဦးချင်းစီ၏ စာပေဖတ်ရှုလေ့လာခြင်းမှ ရရှိလာသည့် အသိဉာဏ် အလင်းသည် ဘဝတိုးတက်မှုအတွက် များစွာအထောက်အပံ့ ဖြစ်စေနိုင်ပေမည်။ ထို့ကြောင့် မိမိ၏ မိသားစုနှင့် မိမိတို့တာဝန်ထမ်းဆောင်ရသည့် ပတ်ဝန်းကျင်ကိုပါ အလင်းရောင်နှင့် လမ်းကြောင်းမှန်ကို ဖော်ဆောင်ပေးနိုင်ကြရမည် ဖြစ်သည်။
နိုင်ငံတော်ကို ခိုင်မာသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးအတွက် စည်းကမ်း စနစ်ကျသည့် လူ့အဖွဲ့အစည်း၊ အသိုက်အဝန်းဖြစ်လာစေရန် လိုအပ်ပေသည်။ ထိုသို့ဖြစ်လာ စေရန် သင်ကြားရေးတာဝန်များကို ထမ်းဆောင်ကြမည့်သူများအနေဖြင့် ဝိုင်းဝန်းဖော်ဆောင်ပေး ကြရ မည်ဖြစ်သည်။ အနာဂတ်နိုင်ငံတော်ကို ပညာရေးဖြင့် ပုံဖော်တည်ဆောက်ကြရမည်ဖြစ်၍ ပညာ အလင်းရောင်နှင့် လမ်းကြောင်းမှန်သို့ ရောက်ရှိရေး ဆရာ၊ ဆရာမများအားလုံးက တစ်တပ်တစ်အား ပါဝင်ကြိုးပမ်း ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။