ယူနန်ပြည်နယ်နှင့် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ ပွင့်လင်းမြင်သာစွာ တည်ဆောက်ရေး နှီးနှောဖလှယ်ပွဲ တက်ရောက်ရန် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ
ရန်ကုန် ဩဂုတ် ၂၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ် ကူမင်းမြို့၌ ဩဂုတ်လ ၂၈ ရက် မှ ၂၉ ရက်အထိကျင်းပမည့် ယူနန်ပြည်နယ်နှင့် အရှေ့တောင်အာရှနိုင်ငံများ ဆိုင်ရာ “The Belt and Road Initiative” ၏ ပွင့်လင်းမြင်သာစွာတည်ဆောက်ရေး နှီးနှောဖလှယ်ပွဲတက်ရောက်ရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ် ကူမင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက် ကော့ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ ယူနန်ပြည်နယ်နှင့် အရှေ့တောင် အာရှနိုင်ငံများဆိုင်ရာ “The Belt and Road Initiative”၏ ပွင့်လင်းမြင်သာစွာ တည်ဆောက်ရေး နှီးနှောဖလှယ်ပွဲသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ အဖွဲ့ဝင်များအဖြစ် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမောင်၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦး၊ မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီဌာနခွဲမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းထက်တို့ လိုက်ပါသွားကြသည်။
၎င်းနှီးနှောဖလှယ်ပွဲသည် ဒေသတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် အရှေ့တောင်အာရှနိုင်ငံများနှင့် နိုင်ငံတကာကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအားကောင်းလာစေရန်၊ စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရန်၊ အဂတိလိုက်စားမှုဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်၊ နယ်စပ်ဖြတ်ကျော် အဂတိလိုက်စားမှုကို တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်သော အစီအမံများ ဆောင်ရွက်ရန်တို့အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ဝန်းရံခ