မုန်တိုင်းမိုးများကြောင့် ဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးသည့် နွေနှမ်းနှင့်အခြားသီးနှံများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး
နေပြည်တော် မေ ၂၁
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ကွင်းဆင်းဆောင်ရွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးပြီးဖြစ်သည့် နွေနှမ်းနှင့် အခြားသီးနှံများ မိုးကြိုရာသီတွင် ဖြစ်ပေါ်တတ်သော မုန်တိုင်းမိုးနှင့် ရာသီဥတုပြောင်းလဲ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်း တို့ကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ဒေသခံတောင်သူများ၊ ရေအသုံးချသူများအဖွဲ့ (WUG)နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ ရေနုတ်မြောင်းများ ရှင်းလင်း တူးဖော်ခြင်း၊ စိုက်ခင်းများအတွင်း စိမ့်မြောင်းပတ်မြောင်းများ တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး အားပေးကြသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာတွင် ပေါင်ကြီးတင်စနစ်ကို အသုံးပြု၍ စိုက်ပျိုးထားသော နှမ်းသီးနှံစိုက်စနစ်(၄)မျိုး စမ်းသပ် စိုက်ပျိုးခြင်းစံပြကွက်ကို ကြည့်ရှု စစ်ဆေးသည်။ ယင်းနောက် အေးမြင့်သာယာကျေးရွာ နေရောင်ပြအင်းဘုရားအနီး ယာယီရေထိန်းဆည် ရေသောက် ဧရိယာအတွင်း စိုက်ပျိုးထားရှိသော နွေနှမ်းစိုက်ခင်း၊ ဇေယျာသီရိ မြို့နယ် သပြေပင် ကျေးရွာ ရေဆင်းဆည် သောက်ဧရိယာအတွင်း စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများကို ထိခိုက်စေနိုင် သည့် ရေအိုင်ခြင်း၊ ရေဝပ်ခြင်းမဖြစ်ပေါ်စေရန် ရေနုတ်မြောင်းများ ရှင်းလင်းတူးဖော်မှုကို ကြည့်ရှု စစ်ဆေးသည်။
ထို့အတူ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် အေလာယာယီ ရေထိန်း ဆည်ရေသောက် ဧရိယာအတွင်း ရေနုတ်မြောင်း ရှင်းလင်းတူးဖော်နေမှုနှင့် ကူသပိတ်ကျေးရွာ မဒန်းဆည်ရေသောက် ဧရိယာအတွင်း စိုက်ပျိုးထားသော နွေနှမ်း စိုက်ခင်းများတွင် ရေမဝပ်စေရန် ရေနုတ်မြောင်း တူးဖော်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နွေနှမ်းသီးနှံများ စိုက်ပျိုးရာတွင် ရေသွင်း၊ ရေထုတ်သေချာ၍ အထွက်နှုန်းကောင်းမွန်သော ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ မိုးကြိုရာသီတွင်ဖြစ်ပေါ် လေ့ရှိသည့် မုန်တိုင်းမိုးများကြောင့် နွေနှမ်းနှင့် အခြားသီးနှံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် တောင်သူများသို့ ကြိုတင် အသိပေး ဆောင်ရွက်ရန်၊ တောင်သူအချင်းချင်း ဆင့်ပွားအသိပေးနှိုးဆော်သွားကြရန်၊ ရေအသုံးချသူများ အဖွဲ့(WUG)နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ ထပ်ဆင့် အသိပေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် ဆောင်ရွက်ထားသည့် အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ တင်ပြသွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)