မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် Mitsubishi Electric Cup 2024  ပြိုင်ပွဲအတွက် အုပ်စုပွဲစဉ်များထုတ်ပြန်

 

မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် Mitsubishi Electric Cup 2024  ပြိုင်ပွဲအတွက် အုပ်စုပွဲစဉ်များထုတ်ပြန်

ရန်ကုန်    ဩဂုတ်    ၂၈

မြန်မာ့လက်ရွေးစင်အသင်းဝင်ရောက် ယှဉ်ပြိုင်မည့် Mitsubishi Electric Cup 2024 ပြိုင်ပွဲအတွက် အုပ်စုပွဲစဉ်များကို အာဆီယံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

Mitsubishi Electric Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို လာမည့်ဒီဇင်ဘာလ ၈ ရက်မှစတင်ပြီး ဒီဇင်ဘာလ ၂၁ ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး  မြန်မာ့လက်ရွေးစင် အသင်းသည် အင်ဒိုနီးရှားအသင်း၊ ဖိလစ်ပိုင်  အသင်း၊ လာအိုအသင်းနှင့် ဗီယက်နမ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုပွဲစဉ်များအဖြစ် အိမ်ကွင်းတွင် နှစ်ပွဲနှင့် အဝေးကွင်းတွင်   နှစ်ပွဲ ကစားသွားရမည်ဖြစ်ပြီး ဒီဇင်ဘာလ ၉ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် အိမ်ကွင်းတွင်လည်းကောင်း၊ ဒီဇင်ဘာလ  ၁၂  ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် အဝေးကွင်းတွင်လည်းကောင်း၊ ဒီဇင်ဘာလ ၁၈ ရက်တွင် လာအိုအသင်းနှင့် အိမ်ကွင်းတွင်လည်းကောင်း၊ ဒီဇင်ဘာလ ၂၁ ရက်တွင်   ဗီယက်နမ်အသင်းနှင့် အဝေးကွင်း တွင်လည်းကောင်း အသီးသီး ကစားသွားရမည်ဖြစ်သည်။

Mitsubishi Eelectric Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များအပြီး ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်များကို ဒီဇင်ဘာလ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင်လည်းကောင်း၊ ဒုတိယအကျော့ပွဲစဉ်များကို ဒီဇင်ဘာလ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင်လည်းကောင်း၊ ဗိုလ်လုပွဲ ပထမအကျော့ပွဲစဉ်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်တွင်လည်းကောင်း၊ ဗိုလ်လုပွဲ ဒုတိအကျော့ပွဲစဉ်ကို ဇန်နဝါရီလ  ၅ ရက်တွင်လည်းကောင်း အသီးသီး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။                                      

  စည်သူအောင်