မြန်မာ့ပဲပုပ်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ သုတေသီများ တောင်သူများနှင့်ကဏ္ဍစုံမှ သက်ဆိုင်သူများ တက်ရောက်ဆွေးနွေး

မြန်မာ့ပဲပုပ်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ

သုတေသီများ တောင်သူများနှင့်ကဏ္ဍစုံမှ သက်ဆိုင်သူများ တက်ရောက်ဆွေးနွေး

နေပြည်တော် ဩဂုတ် ၂၈

 မြန်မာ့ပဲပုပ်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်   နေပြည်တော်  ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန  နဝရတ်ခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊  ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း ၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ တောင်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ ကိုယ်စားလှယ်များက Online မှ တက်ရောက်ဆွေးနွေးကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေး ကဏ္ဍတစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာစေရန်  ပြည်တွင်းပြည်ပဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ရာတွင် ယခုကျင်းပသည့် မြန်မာ့ပဲပုပ်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

အဆိုပါအထူးရန်ပုံငွေဖြင့် စပါးရိတ်သိမ်းအပြီး ပဲပုပ်သီးထပ် စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက် စွမ်းအား မြှင့်တင်ခြင်း စီမံကိန်းကို  ၂၀၂၄-၂၀၂၅ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး    ပဲပုပ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရန်   နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း၊   စားသုံးဆီထုတ်လုပ်မှုသာမက ကြိတ်ဖတ်ကို ပြည်တွင်းမွေးမြူရေးတိရစ္ဆာန် အစာအဖြစ် အသုံးပြုနိုင်မည့် ပဲပုပ်သီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးရန်  အားပေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သီးတောင့်ပါဝင်မှုများပြီး အထွက်နှုန်းတည်ငြိမ်ကာ    ဒေသမရွေး စိုက်ပျိုးနိုင်သည့်   အထွက်ကောင်းမျိုး ရေဆင်း-၁၅ ပဲပုပ်မျိုးကို   တစ်နိုင်ငံလုံး၌ ကျယ်ကျယ်ပြန့်ပြန့်    စိုက်ပျိုးနိုင်စေရေး စီမံဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်   ဒေါက်တာ နိုင်ကြည်ဝင်းက   မြန်မာ့ပဲပုပ်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ တင်ပြပြီး ဆွေးနွေးပွဲတက်ရောက် လာကြသည့် သုတေသီများ၊ ပညာရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊  ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တောင်သူများက သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြသည်။

ဆွေးနွေးပွဲခေတ္တရပ်နားချိန်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများနှင့် အခမ်းအနား တက်ရောက် လာကြသူများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပဲမျိုးစုံ သုတေသနဌာနစု၊ ပဲပုပ်သီးနှံသုတေသနဌာနသို့ သွားရောက်လေ့လာခဲ့ကြသည်။

ရှမ်းပြည်နယ်၌ ပဲပုပ်သီးနှံကို မိုးရာသီတွင်  အဓိကစိုက်ပျိုးပြီး စစ်ကိုင်း၊ ပဲခူး၊ မကွေး၊  မန္တလေး၊  ဧရာဝတီတိုင်းဒေသကြီးတို့၌    မြစ်ရေကျချိန်တွင်လည်းကောင်း၊ မိုးနှောင်းသီးနှံအဖြစ် ရှမ်း၊ ကချင်၊ မွန် နှင့် ကရင်ပြည်နယ်တို့တွင် စပါးရိတ်သိမ်းအပြီးတွင်လည်းကောင်း ပဲပုပ်သီးနှံစိုက်ပျိုးကြကြောင်း၊၂၀၂၃-၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ဧက၏ ၃၀ ရာခိုင်နှုန်း ၊ မိုးနှောင်းနှင့် ဆောင်းသီးနှံစိုက်ဧက၏ ၇၀ ရာခိုင်နှုန်း စိုက်ပျိုးခဲ့သဖြင့် တစ်နိုင်ငံလုံး၌ စုစုပေါင်း ပဲပုပ်ဧက ၃ ဒသမ ၄ သန်း   စိုက်ပျိုးခဲ့ကြောင်း၊ တန်ချိန် ၅ ဒသမ ၈ သန်းကျော် စိုက်ပျိုးထုတ်လုပ်ထွက်ရှိပြီး ပြည်ပသို့ မက်ထရစ်တန် ၆၀၀၀ ကျော် တင်ပို့လျက်ရှိကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်   ရာပြည့် အထိမ်းအမှတ် အဆောက်အအုံ ဆောက်လုပ်ပြီးစီးမှုနှင့် တက္ကသိုလ်ရာပြည့် အခမ်းအနား ကျင်းပရန်  အကြိုပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ရေဆင်းရေလှောင်တမံအတွင်း   ရေဝင်ရောက်မှု တမံကြံ့ခိုင်မှုနှင့် ရေပေးဝေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ရေဆင်းရေလှောင်တမံ အနေဖြင့် ကန်ရေပြည့် ရေလှောင်ပမာဏ ၇၃၀၀၀ ဧကပေ သိုလှောင်နိုင်ပြီး ဩဂုတ်လ ၂၇ ရက်နေ့အထိ   ရေဧကပေ ၄၆၂၀၀ ရှိသဖြင့် ၆၃ ရာခိုင်နှုန်း  သိုလှောင်ထားရှိပြီး ဖြစ်ကြောင်း၊    ကျန်ရှိသော   မိုးရာသီကာလ ရေဝင်ရောက်နိုင်မှု အခြေအနေအား ၁၀နှစ်တာကာလပျမ်းမျှဖြင့် တွက်ချက်၍ မြို့ပြသုံးရေထုတ်ယူသုံးစွဲမှု၊   အငွေ့ပြန်ဆုံးရှုံးမှုနှင့် စိုက်ပျိုးရေပေးဝေမှုတို့ကို ထိန်းညှိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊   အထူးသဖြင့်  နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေသောက် ဧရိယာများမှ နွေစပါးသီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။