ပြည်သူများပါဝင်သည့် ပြည်သူ့လုံခြုံရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် ‘‘လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်’’ဟု သတ်မှတ်ထားသည့်အတိုင်း ပြည်သူတို့၏ လူမှုစီးပွားဘဝများ လုံခြုံရေးနှင့် နိုင်ငံတစ်ဝန်းလုံး အေးချမ်းသာယာရေးကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူတို့ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိသည်။
ပြည်သူလူထုတစ်ရပ်လုံးသည် မိမိတို့၏လူမှုစီးပွားဘဝ လုံခြုံရေးအတွက် မိမိတို့မှီတင်းနေထိုင်ရာနိုင်ငံတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထူးလိုလားကြသည်။ မိမိတို့နေထိုင်ရာ ဒေသများတွင် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူတို့ ကြီးစိုးနေခြင်းကို အလိုမရှိကြပေ။ လက်နက်ကိုင်ဆောင်ကာ နိုင့်ထက်စီးနင်း လုယက်ဖျက်ဆီးနေသည့် သောင်းကျန်းသူများရှိနေခြင်းကြောင့် မိမိတို့ဒေသများ ဖွံ့ဖြိုးတိုးတက်မှု မရှိခြင်းကို နားလည်သဘောပေါက်ကြပြီး ဖြစ်သည်။ လက်နက်ကိုင် ပဋိပက္ခမရှိခဲ့သော အချိန်ကာလများတွင် မိမိနေထိုင်ရာဒေသများ၌ လွန်စွာဖွံ့ဖြိုးတိုးတက်ခဲ့သည်။ နယ်စွန်နယ်ဖျား ဒေသများအားလုံး အပြန်အလှန်ဥဒ ဟိုဝင်ထွက်သွားလာနိုင်ခဲ့ကြသည်။ လမ်းပန်းဆက်သွယ်ရေး၊ သွားလာရေးတို့ လွယ်ကူလျင်မြန်ခဲ့သည်။ နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းခြင်းသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှု ရှိစေရေးအတွက်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်ပေးလျက်ရှိသော်လည်း မိမိနိုင်ငံ၊ မိမိဒေသ၊ မိမိလူမျိုးတိုးတက် ကောင်းစားရေးထက် ကိုယ်ကျိုးအတ္တကို အဓိကထားသည့် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့အချို့သည် ငြိမ်းချမ်းရေးကို ကျောခိုင်းကာ ပြည်သူများဒုက္ခပင်လယ်ဝေအောင်လုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုသည့် ပြည်ပနိုင်ငံများ၏ ပိတ်ဆို့မှု၊ ဟန့်တားနှောင့်ယှက်မှု၊ ပြည်တွင်း အဖျက်အမှောင့်များ၏ ဖျက်လိုဖျက်ဆီးပြုမှုများကြောင့် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်သော ဒေသအချို့သည်ပင် တည်ငြိမ်မှုကင်းမဲ့ကာ ပျက်စီးယိုယွင်းမှုတို့နှင့် ရင်ဆိုင်နေရသည်။
အကြမ်းဖက် အဖျက်သောင်းကျန်းသူများက မြို့များ၊ ရွာများတွင် ဝင်ရောက်၍ ပြည်သူလူထုကို အကာအကွယ်ပြုကာ တိုက်ကွက်ဖော်မှုများကြောင့် မြို့ရွာအချို့ပျက်စီးခဲ့ရသည့်အပြင် ဒေသခံပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများလည်း ပျက်စီးဆုံးရှုံးကြရသည်။ ယခုအခါမြို့ရွာများလုံခြုံရေး၊ ပြည်သူလူထုလုံခြုံရေးကို ထိခိုက်မှုများ ဖြစ်ပေါ်လာသည့်အပေါ် ပြည်သူများ မခံမရပ်နိုင်ဖြစ်လာကြသည်။
ပြည်သူများကိုယ်တိုင်ပါဝင်သည့် ပြည်သူ့လုံခြုံရေး စနစ်တစ်ရပ် ခိုင်ခိုင်မာမာတည်ဆောက်ပေးရန် လိုလားလျက်ရှိလာကြသည်။ ပြည်သူ့လုံခြုံရေးစနစ် တည်ဆောက်မှုတွင် ပါဝင်ရန်ဆန္ဒပြုသူ များပြားလာကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သြဂုတ်လ ၂၅ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ် ‘‘လုံခြုံရေးနှင့် ပတ်သက်၍ ဒေသအလိုက်လူတစ်ဦး တစ်ယောက်ချင်းစီမှ လုံခြုံရေး အသိစိတ်ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ကြရန် လိုကြောင်း၊ ပြည်သူ့လုံခြုံရေး People Security၊ Public Security နှင့်ပတ်သက်၍ လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့နေထိုင်သည့်ဒေသရပ်ကွက်၊ ကျေးရွာများအလိုက်၊ လမ်းများအလိုက် လုံခြုံရေးစနစ်များ တည်ဆောက်၍ ဆောင်ရွက်မည်ဆိုပါက နယ်မြေဒေသလုံခြုံရေးအတွက် များစွာအကျိုးရှိ ထိရောက်စေမည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေးလုပ်ငန်းများနှင့်ပတ်သက်၍ Check, Recheck, Counter Check များပြုလုပ်၍ အပြန်ပြန် အလှန်လှန် စစ်ဆေးနေရန် လိုအပ်မည်ဖြစ်ကြောင်း’’ ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဆက်လက်ရပ်တည်နိုင်ရေး တပ်မတော်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ နိုင်ငံတော်အား မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိရန် အတွက်လည်း တပ်မတော်အနေဖြင့် လုပ်ဆောင်သင့်သည်များကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူများအနေဖြင့်လည်း နိုင်ငံတော်နှင့်လူမျိုးအပေါ် နည်းမှန်လမ်းမှန်ဖြင့် သစ္စာစောင့်သိကာ အစိုးရ၊ တပ်မတော်တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန်လည်း လိုအပ်သည်။
ပြည်သူ့လုံခြုံရေးနှင့်ပတ်သက်၍ ပြည်သူပါဝင်သည့် လုံခြုံရေးစနစ်ကို ဆောင်ရွက်မှုတွင်ပြည်သူများ ပါဝင်ပါက တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုများ ကောင်းမွန်လာပြီး နိုင်ငံတော်နှင့်ပြည်သူတို့၏ ရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။
မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် အမှိုက်သရိုက်ကင်းစင်ခြင်းကို လူတိုင်းလိုလားကြသည်။ အမှိုက်သရိုက်သည် မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေရုံသာမက မိမိတို့၏ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်သည်။
ထို့အတူအဖျက်သမားများသည်လည်း မိမိတို့၏ပတ်ဝန်းကျင်နှင့်မိမိတို့၏ အသက်ရှင်သန်နေထိုင်ရေးကို ထိခိုက်အန္တရာယ်ရှိ စေသဖြင့် ပြည်သူများပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ဖြင့် ကြိုတင်ကာကွယ်ကြရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။