အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် သစ်အခြေခံပရိဘောဂ သင်တန်းဖွင့်ပွဲကျင်းပ

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် သစ်အခြေခံပရိဘောဂ သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော်  ဩဂုတ်  ၂၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် သစ်အခြေခံပရိဘောဂသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် ကြက်သွန်ခင်း ကျေးရွာ၌ကျင်းပရာ   သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများနှင့်   သင်တန်းသားများ တက်ရောက် ကြသည်။

အဆိုပါသင်တန်းကို  သင်တန်းသား ၁၆ ဦးဖြင့် တစ်လကြာ ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သည်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး   အမှန်တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန် သင်တန်းသားငါးဦးကို သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး  ကျေးရွာသုံးရွာ၊ အိမ်ခြေ ၉၈၈ အိမ်၊ လူဦးရေ ၄၀၀၀ ကျော်ကို အကျိုးပြု ပေးနိုင်မည့် သဲကောလေး- ဝဲကြီးကျေးရွာချင်းဆက်လမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ၏ စိုက်ပျိုးရေရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် လယ်ဝေးမြို့နယ် မြွေရိုးကျောင်းစုကျေးရွာအုပ်စု ရုံးတောကျေးရွာ သို့ရောက်ရှိပြီး ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းပိုင်စိုက်ပျိုးမြေများပေါ်တွင် ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့် Myanmar Uni-Semi ကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်၍ မိုးကြိုဝါနှင့် အခြားသီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးသီးနှံများ ရိတ်သိမ်းပြီးပါက အကျိုးအမြတ်ရရှိမှုများကို အသင်းသားတောင်သူများအား ခွဲဝေဆောင်ရွက်ပေးသွားရန် မှာကြားသည်။

ထို့နောက် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပျဉ်းမနားမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာသို့ သွားရောက်ကာ     ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး    ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။