(၉)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်)ထိပ်သီး အစည်းအဝေးနှင့် (၁၀)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးများ ကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၉)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ(အက်မက်စ်) (Ayeyawady-Chao  Phraya-Mekong Economic  Cooperation  Strategy-ACMECS) ထိပ်သီးအစည်းအဝေးနှင့် (၁၀)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) (Cambodia-Laos-Myanmar-Vietnam  Cooperation-CLMV) ထိပ်သီးအစည်းအဝေးများသို့ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။

(၉)ကြိမ်မြောက်   အက်မက်စ်ထိပ်သီးအစည်းအဝေး

(၉)ကြိမ်မြောက် အက်မက်စ်ထိပ်သီး အစည်းအဝေးကို    ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက်ဟွန်ဆင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာထောင်လွန်းဆီဆုလစ်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်မစ္စတာ ပရာယုဒ် ချန်အိုချာနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်  မစ္စတာငုယင်စွမ်းဖု တို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။   အစည်းအဝေးတွင်  နိုင်ငံ့ခေါင်းဆောင်များသည် "ACMECS  Master Plan(2019-2023)"အား အကောင်အထည်ဖော်မှု အခြေအနေနှင့်  အနာဂတ်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ချစ်ကြည်ရင်းနှီးစွာ  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားရာတွင် ဒေသတွင်းလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန် ဦးတည်ဆောင်ရွက်ခဲ့သည့် အက်မက်စ်ပူးပေါင်း ဆောင်ရွက်မှု၏ (၁၇)နှစ်တာခရီးအတွင်း အောင်မြင်မှုများ ရရှိခဲ့ပြီး စိန်ခေါ်မှုများကိုလည်း ချစ်ကြည် ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်မှုတို့ အပေါ် အခြေခံသည့် စည်းလုံးညီညွတ်မှု စိတ်ဓာတ်ဖြင့် ကျော်လွှားနိုင်ခဲ့ကြောင်း၊ မဲခေါင်ဒေသခွဲသည် ပထဝီအနေအထား အရ ဖွံ့ဖြိုးတိုးတက်ရန် အားသာချက်များ ရှိသော်လည်း သမားရိုးကျမဟုတ်သည့် စိန်ခေါ်မှုများ အပါအဝင် အခြားသောစိန်ခေါ်မှု အသစ်များကြောင့် ဒေသ၏ဖွံ့ဖြိုး တိုးတက်မှုနှင့် သာယာဝပြောမှု အရှိန်အဟုန်ကို အဟန့်အတား ဖြစ်ပေါ်စေခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံအား   ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ကြသည့် ကမ္ဘောဒီးယား၊ ထိုင်း နိုင်ငံနှင့် ဗီယက်နမ်တို့အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး အက်မက်စ်အနေ ဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေးနှင့်  ကုသဆေးဆိုင်ရာ ပူးတွဲသုတေသန ပြုလုပ်ရေး၊   ပူးတွဲထုတ်လုပ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားသင့်ကြောင်းနှင့် ရာသီဥတုပြောင်းလဲမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ လက်နက်မှောင်ခိုကူးမှုနှင့် အကြမ်းဖက်မှုတို့ အပါအဝင်   စိန်ခေါ်မှုများအား ဖြေရှင်းရေး တို့ကို ဦးစားပေးအဖြစ် သတ်မှတ်ဆောင်ရွက်သွား သင့်ကြောင်းကိုလည်း အကြံပြုပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတက ကပ်ရောဂါအလွန် ဒေသတွင်းစီးပွားရေး အမြန်ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွင်  ခရီးသွားလုပ်ငန်းကဏ္ဍသည် အဓိကကျသည့်အား လျော်စွာ အက်မက်စ်ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ်(၂၀၁၉-၂၀၂၃)ကို အကောင်အထည်ဖော်ဆောင် ရေးသည်များစွာ အရေးပါကြောင်းနှင့် ပြည်ဝင်ဂိတ်များတွင် ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦများကို New Normal နှင့်အညီ အဆင့်မြှင့်တင်ရေး၊ ပြည်ဝင်လုပ်ငန်းစဉ်များသည် ကျန်းမာရေးလမ်းညွှန်ချက်များနှင့် ကိုက်ညီစေရေးနှင့် ကပ်ရောဂါဖြစ်ပွားနေချိန်တွင် ဒေသတွင်းကုန်စည်ထောက်ပံ့မှု ကွင်းဆက်မပြတ်စေရန်နှင့် စတုတ္ထစက်မှုတော်လှန်ရေး (4th Industrial  Revolution)ကို အထောက် အကူပြုနိုင်ရန် ဒစ်ဂျစ်တယ်စီးပွားရေးအခန်းကဏ္ဍကို မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းတို့ကိုလည်း အလေးထား ပြောကြားခဲ့သည်။

ဆက်လက်၍   နိုင်ငံတော်သမ္မတက သြစတြေးလျ၊  တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ အမေရိကန်ပြည် ထောင်စု စသည့် အက်မက်စ်၏ လက်ရှိဖွံ့ဖြိုးမှု မိတ်ဖက်များအပြင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် အဖွဲ့အစည်းများက အက်မက်စ်၏ ဖွံ့ဖြိုးမှုမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒပြုမှုများရှိသည်ကို သိရှိရသည့်အတွက်    များစွာဝမ်းမြောက်ပါကြောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်များအတွက် ညှိနှိုင်းရေးမှူးအဖြစ် ထိုင်းနိုင်ငံက ဆောင်ရွက်ပေးနေသည့် အပေါ် ဂုဏ်ယူပါကြောင်းနှင့် ACMECS Master Plan ကို ကိုယ့်အားကိုယ်ကိုး၍ အကောင်အထည်ဖော်ရန်   တည်ထောင်မည့် အက်မက်စ်ရန်ပုံငွေယန္တရားအတွက် ဦးဆောင်မှုပေးခဲ့ခြင်းနှင့် အက်မက်စ်ဖွံ့ဖြိုး တိုးတက်ရေးရန်ပုံငွေသို့    အမေရိကန် ဒေါ်လာ သန်း ၂၀၀ ထည့်ဝင်ရန် ကတိကဝတ်ပြုခဲ့ခြင်းတို့အတွက် ထိုင်းနိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးမှ (၉)ကြိမ်မြောက် အက်မက်စ်ထိပ်သီး အစည်းအဝေး ဖနောင်ပင် ကြေညာစာတမ်းကို  ထုတ်ပြန် ကြေညာခဲ့သည်။

(၁၀)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး

ယင်းနောက်    နိုင်ငံတော်သမ္မတသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၁၀)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်ပူးပေါင်း ဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးကို ဆက်လက်တက်ရောက်ခဲ့သည်။ ယင်းအစည်း အဝေးတွင် လာအိုဝန်ကြီးချုပ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး    ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့လည်း တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင်   နိုင်ငံ့ခေါင်းဆောင်များက CLMV ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုများ၊ အနာဂတ်တွင်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ခဲ့ကြပြီး CLMV  ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ကို အတည်ပြုခဲ့ကြသည်။ အဆိုပါမူဘောင်သည်  စီအယ်လ်အမ်ဗွီ အဖွဲ့ဝင်နိုင်ငံများအတွက် ၂၀၃၀ ပြည့်နှစ်တွင်  အလယ်အလတ်အထက်အဆင့် ဝင်ငွေရှိသည့် နိုင်ငံများအဖြစ်သို့  ရောက်ရှိလာစေရေး ရည်ရွယ်ထားသည့် မဟာဗျူဟာတစ်ရပ်ဖြစ်သည်။

နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားရာတွင် CLMV ပူးပေါင်းဆောင်ရွက်မှုသည် စတင်တည်ထောင်ခဲ့သည့် အချိန်မှစ၍ အဖွဲ့ဝင်နိုင်ငံများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာဆီယံပေါင်းစည်းရေး လုပ်ငန်းစဉ်များတွင် များစွာအထောက်အကူပြုခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကာလအပြီး လူမှုစီးပွားပြန်လည် တည်ဆောက်နိုင်ရန်အတွက် ပိုမိုကောင်းမွန်သည့် စီမံမှုများနှင့် ပိုမိုစည်းလုံးသည့် ပူးပေါင်းဆောင်ရွက်မှုများကို ကျန်းမာရေးဆိုင်ရာ   လိုအပ်ချက်နှင့် ပြန်လည်ထူထောင်ရေး လိုအပ်ချက်တို့အကြား မျှတစွာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးနှင့် လူမှုအသိုက်အဝန်းပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို သီးခြား အခန်းတစ်ခုအဖြစ် ထည့်သွင်းရေးဆွဲထားသည့် CLMV လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၂) ကို ကြိုဆိုကြောင်းတို့ကို ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတက ဒေသတွင်း စီးပွားရေးလုပ်ငန်းများ   ပြန်လည်စတင်နိုင်ရေးအတွက် ဆက်သွယ် ချိတ်ဆက်မှုများကို New Normal လိုအပ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးသည် အလွန်အရေးကြီးကြောင်း အလေးထားပြောကြားခဲ့ပြီး  ကိုဗစ်-၁၉ ၏ စီးပွားရေးစိန်ခေါ်မှုများအား ရင်ဆိုင်ရာတွင် ဒစ်ဂျစ်တယ်စီးပွားရေးသည်    ထိရောက်မှုရှိသည့်အတွက် အားပေးသင့်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ရေရှည်ချောမွေ့စွာ စီးဆင်းနိုင်စေရန် မဲခေါင်ဒေသအတွင်း စီးပွားရေးစင်္ကြံများရှိ ပြတ်တောက်နေသော အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား ပြန်လည်ချိတ်ဆက်ရေး ဆောင်ရွက်သင့်ကြောင်းနှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဒေသတွင်းစီးပွားရေး ပြန်လည်ထူထောင်မှု လုပ်ငန်းစဉ်တစ်ရပ်အဖြစ်   မြှင့်တင်သင့် ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။

အစည်းအဝေးမှ    (၁၀)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ) ပူးတွဲကြေညာချက်ကို အတည်ပြုထုတ်ပြန်ခဲ့သည်။

ဆွေးနွေးမှုများအပြီးတွင် စီအယ်လ်အမ်ဗွီဥက္ကဋ္ဌတာဝန်ကို   လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဥက္ကဋ္ဌတာဝန်ကို လက်ခံရယူသည့် မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံအနေဖြင့်   ကြုံတွေ့လာမည့် စိန်ခေါ်မှုများကို လက်တွဲဖြေရှင်းသွားနိုင်ရန်နှင့်   ဒေသခွဲ အတွင်းရှိ ပြည်သူများအားလုံး ပိုမိုအကျိုးဖြစ်ထွန်း စေရန်တို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် စီအယ်လ်အမ်ဗွီ ဥက္ကဋ္ဌတာဝန်ကို  နှစ်နှစ်တာကာလအတွက် ထမ်းဆောင်သွားမည် ဖြစ်သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးများသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနနှင့်   နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အမြဲတမ်း အတွင်းဝန်များနှင့် အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။