ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း ဦးဆောင်၍ နိုင်ငံတကာနှင့်ပြည်တွင်းရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးငြိမ်းချမ်းနှင့် တာဝန်ရှိသူများသည် ယနေ့တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံက ဦးစီးကျင်းပသည့် (၁၄)ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ ရုပ်သံအစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမမှတစ်ဆင့် ပါဝင်တက်ရောက်ကြသည်။
ထို့ပြင် အာဆီယံ-အမေရိကန်ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေး၊ အာဆီယံ-တရုတ်ကာကွယ်ရေး ဝန်ကြီးများ အလွတ်သဘောအစည်းအဝေးနှင့် သဘာပတိ၏ ဧည့်သည်တော်အဖြစ် အပေါင်းနိုင်ငံမဟုတ်သော နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အစည်းအဝေးအခမ်းအနားများကို (၁၄)ကြိမ်မြောက် အာဆီယံကာကွယ်ရေး ဝန်ကြီးများ ရုပ်သံအစည်းအဝေးနှင့် တစ်ဆက်တည်းကျင်းပသည်။
အဆိုပါ ရုပ်သံအစည်းအဝေးများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများက ပေါင်းစည်းညီညွတ်ပြီး တုံ့ပြန်နိုင်စွမ်းကောင်းသော အာဆီယံဒေသတစ်ခု ဖြစ်လာရန်အတွက် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာဆီယံကာကွယ်ရေးဝန်ကြီးများ ပူးတွဲကြေညာချက်ကို အွန်လိုင်းမှတစ်ဆင့် လက်မှတ်ရေးထိုးကြကြောင်း သတင်းရရှိသည်။