လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံများအား ကွင်းဆင်းကြည့်ရှု
ရန်ကုန် ဩဂုတ် ၃၀
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ Gold Emperor Co.,Ltd. ဖိနပ်စက်ရုံနှင့် Universal Apparel Co.,Ltd. အထည်ချုပ်စက်ရုံ၊ မြန်မာစိုးစံဝင်းဖိနပ်စက်ရုံနှင့် Sen Yu Clothings Corporation Co.,Ltd. အထည်ချုပ်စက်ရုံတို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမား အဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး တာဝန်ခံများက လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေးခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးက CMP လုပ်ငန်းများအပါအဝင် စက်ရုံ၊ အလုပ်ရုံများဖွံ့ဖြိုးတိုးတက်စေရေး ကြီးကြပ်ရေး ကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်း၍ CMP လုပ်ငန်းစနစ်တကျ ရှိစေရေး ကြီးကြပ် ဆောင်ရွက်ပေးနေကြောင်း ပြောကြားသည်။
ဆက်လက်၍ စက်ရုံအတွင်း အလုပ်သမားများ အေးချမ်းစွာလုပ်ကိုင်နေမှု အခြေအနေများကို ကြည့်ရှုအားပေး၍ စက်ရုံတာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။