ထူးချွန်သည့်အားကစားသမားများ ပေါ်ထွန်းရေး
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက်)
ယခုနှစ် တစ်နှစ်ပတ်လုံးတွင် ကျောင်းသားအားကစားပြိုင်ပွဲများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလိုက် အားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိသည့်အပြင် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင်လည်း မြန်မာအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိသည်။ ထို့ပြင် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်အကြိုအဖြစ် ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်ကို စက်တင်ဘာလ ၁၄ ရက်မှ ၂၄ ရက်အထိ အားကစားနည်း ၂၄ မျိုးဖြင့် ကျင်းပ မည်ဖြစ်ရာ ယှဉ်ပြိုင်ဆင်နွှဲသည့် အားကစားပြိုင်ပွဲများသည် နိုင်ငံတော်အဆင့်အမျိုးသားအားကစား ပြိုင်ပွဲအတွက် အောင်မြင်မှုအင်အားတစ်ရပ်ဖြစ်လာစေရန် ကြိုးစားလုပ်ဆောင်နေခြင်း ဖြစ်သည်။
အမျိုးသားအားကစားပွဲတော်ကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့်လည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများအဖြစ် မျှော်မှန်းကြိုးစားယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ အားကစားသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်၏ အထိမ်းအမှတ် လက္ခဏာဖြစ်သည်။ အားကစားသည် လူသားထုတစ်ရပ်လုံး၏ ကျန်းမာကြံ့ခိုင်ရေးကိုရှေးရှုသော ပျော်ရွှင်ရင်ခုန်ကြည်နူး ဖွယ်လှုပ်ရှားမှုအဖြစ် လူတစ်ဦးချင်း၊ လူတစ်စု လူတစ်ဖွဲ့မှသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၊ လူမှု အသိုင်းအဝိုင်း တစ်ရပ်လုံးမှသည် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံချင်းစီအကြား လူသားဆန်သောအပြန် အလှန်ရင်းနှီးချစ်ကြည်မှုကို ဖန်တီးပေးနိုင်သည့် အရာဖြစ်သည်။ တစ်နည်းအားဖြင့် ကမ္ဘာ့ငြိမ်းချမ်း ရေး၏ သံတမန်အခင်းအကျင်းတစ်ရပ်အဖြစ် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ချစ်ကြည်ခြင်းတည်းဟူသော လောကပါလတရားများကိုပင် ဖြစ်ထွန်းစေနိုင်ကြောင်း မျှော်လင့်ယုံကြည်ကြသည်ဟုလည်း အဓိပ္ပာယ် ဖွင့်ဆိုကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ် အစည်းအဝေးတွင် အမှာစကားပြောကြားစဉ် ‘‘ပဉ္စမအကြိမ်ကျင်းပမည့် အမျိုးသားအားကစား ပွဲတော်ကြီးတွင် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်သည့် အားကစားသမားများ ထွက်ပေါ်လာနိုင်ပြီး နိုင်ငံတော်အဆင့်၊ အာဆီယံအဆင့်စံချိန်ချိုးနိုင်သည့် အားကစားသမားများလည်း ထွက်ပေါ်လာနိုင် ကြောင်း၊ ထို့အတူ ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ထူးချွန်ထက်မြက်သည့် အားကစားသမားများ ထွက်ပေါ်လာမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အဆိုပါ ထူးချွန်အားကစားသမားများကို ရေရှည်ရပ်တည်နိုင်ရေး ပံ့ပိုးပေးရန်လိုကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။
ယခု ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို နေပြည်တော်တွင် ခမ်းနားထည်ဝါစွာ ကျင်းပသွားရန် လျာထားပြင်ဆင်လျက်ရှိသည်။ အမျိုးသားအားကစားပွဲတော်သည် အခြား အားကစားပွဲတော်များနှင့်မတူဘဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အများဆုံးယှဉ်ပြိုင်ကြမည့် နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲဖြစ်သည်။ အမျိုးသားအားကစားပွဲတော်ကို ယခင်အစိုးရ အဆက် ဆက်ကကျင်းပခဲ့ရာ ၁၉၉၂ ခုနှစ်တွင် ပထမအကြိမ် အမျိုးသားအားကစားပွဲတော်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ် အမျိုးသားအားကစားပွဲတော်၊ ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ် အမျိုးသား အားကစား ပွဲတော်တို့ကို ရန်ကုန်တွင်ကျင်းပခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်၌ ခမ်းခမ်းနားနား ကျင်းပခဲ့သည်။ ထို့နောက် အကြောင်းအမျိုးမျိုးကြောင့် အမျိုးသား အားကစားပွဲတော်ကို မကျင်းပဖြစ်ခဲ့ဘဲ ယခု ၂ဝ၂၄ ခုနှစ်တွင် နေပြည်တော်၌ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကို ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်ပြီးဖြစ်ပေရာ မြန်မာ့အားကစား အရှိန်အဟုန် မပျက်တိုးတက်စေရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ အားကစားမြှင့်တင်ခြင်းသည် လည်း နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းပင် ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အားကစားတွင် ထူးချွန်စွာ အောင်မြင်သူများကို ထိုက်ထိုက် တန်တန် ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်။ ထိုသို့ချီးမြှင့်ခဲ့မှုအနေဖြင့် အာရှနှင့်အရှေ့တောင်အာရှအဆင့် အားကစားပြိုင်ပွဲကြီးများ အပါအဝင် နိုင်ငံတကာ အားကစားပြိုင်ပွဲကြီးပေါင်း ၂၂ ခုသို့သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်(၇၇)ခု၊ ငွေတံဆိပ်(၈၇)ခုနှင့် ကြေးတံဆိပ်(၁၅၉) ခုရရှိအောင် နိုင်ငံ့ဂုဏ်ဆောင် ခဲ့ကြသည့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများကို အခမ်းအနားများ ကျင်းပပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်၍ ဆုကြေးငွေများချီးမြှင့် ခဲ့သည်။
ထိုသို့ချီးမြှင့်ခဲ့ရာတွင် ဆုကြေးငွေအားဖြင့် ငွေကျပ် (၇၄၅၂၃)သိန်းနှင့် အမေရိကန်ဒေါ်လာ (၁၃၃၉ဝဝ)တို့ ကို အားကစားသမားများအား ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ချီးမြှင့်ခြင်းသည် မျိုးဆက်သစ်လူငယ် များအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်လိုသည့် စိတ်ဓာတ်ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ပေး နေခြင်းဖြစ်သည်။ ယခု ကျင်းပမည့် ၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးတွင် အောင်မြင်လိုသည့် စိတ်ဓာတ်ကောင်းများ၊ အလေ့အကျင့်ကောင်းများနှင့် ထူးချွန်အောင်မြင်စွာ ထွက်ပေါ်လာမည့် အားကစားသမားများကိုလည်း ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မည်ဖြစ်ပေရာ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ထူးချွန်သော ကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားကြရန်ဖြစ်ပါကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင်ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကြီးကို ဂုဏ်ပြုကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။ ။