ညအိပ်ချိန် ဖုန်းကိုဝေးဝေးမှာထားပါ

ညအိပ်ချိန် ဖုန်းကိုဝေးဝေးမှာထားပါ

ဖုန်းကိုအနားမှာထားပြီး မအိပ်စက်သင့်သောအကြောင်း

ရှေးကာလများက အိပ်ရာဆိုသည်မှာ နားနားနေနေအိပ်စက် အသုံးပြုရန်အတွက်သာ သီးသန့်ဖြစ်သည်။  သို့သော်  စမတ်ဖုန်းများ၊ တက်ဘလက်၊  လက်ပ်တော့ စသည်တို့ကို  လူတန်းစေ့နီးပါး သုံးစွဲ လာနိုင် ကြပြီဖြစ်ရာ ယင်းပစ္စည်းများမှာလည်း အိပ်ရာထဲကို ကျူးကျော် ဝင်ရောက်လာခဲ့ကြလေသည်။  ဖုန်းကို ဘာကြောင့် အိပ်ရာထဲယူပြီး မအိပ်သင့်သလဲ အဖြေက အောက်ပါအတိုင်းဖြစ်သည်။

ဖုန်းက အိပ်ရေးပျက်စေသည်။ ဖုန်းကထုတ်လွှတ်လိုက်သည့် အပြာရောင် အလင်းရောင်စဉ်တန်းက အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးသည်။ ယင်းအလင်းရောင်စဉ်တန်းက ဦးနှောက်ထဲရှိ  နှစ်နှစ်ခြိုက်

ခြိုက်အိပ်ပျော်စေနိုင်သည့် Melatonin (ခေါ်) ဦးနှောက်ပိုင်းဆိုင်ရာ ဓာတုပစ္စည်းကို အလွန်အမင်း လှုံ့ဆော်နှိုးဆွပေးနေသဖြင့် အိပ်မရခြင်းကို ဖြစ်စေသည်။ ဖုန်းကိုစက်ပိတ်ထားသည့်တိုင်အောင် ယင်းအီလက် ထရွန်နစ်ပစ္စည်း၏ မျက်နှာပြင်က  အလင်းထုတ်လွှတ်နိုင်သေးသည်ဖြစ်ရာ အထူးသဖြင့်  ကလေးများအိပ်မောကျခြင်း  မဖြစ်စေနိုင်ပေ။  ကလေးများ အိပ်ရာထဲတွင်  ဖုန်းကိုထားပြီး အိပ်စက်ခြင်း က ၎င်းတို့သက်တမ်း တစ်လျှောက်   အဝလွန်ခြင်းနှင့်   ဆီးချိုရောဂါကိုဖြစ်စေနိုင်ရုံမျှမက  Alzheimer's (ခေါ်) အရွယ်မတိုင်မီ ဦးနှောက်ဇရာအကြိုရောဂါဖြစ်ရန် သေချာနေပေသည်။ အိပ်ရေးမဝခြင်းက ဦးနှောက်ထဲရှိ Ghrelin (ခေါ်) အစာစားချင်စိတ်ကို ချိုးနှိမ်ပေးနိုင်သည့် ဟော်မုန်းထွက်ရှိမှုကို ကမောက် ကမဖြစ်စေသောကြောင့် ဗိုက်ဆာခြင်းနှင့် အာသာမပြေခြင်း တို့ကိုခံစားလာရသည်။ အထူးသဖြင့် အဆီနှင့် အချိုဓာတ်လွန်ကဲသော အစားအစာများကို စားလိုစိတ် ပြင်းပြလာတတ်သည်။

နိုင်ငံတကာလေ့လာမှုမှတ်တမ်းများ

- လေ့လာမှုမှတ်တမ်းအရ အင်္ဂလန်နိုင်ငံရှိ အသက် ၁၄ နှစ်အောက် ကလေးများတွင် အီလက်ထရွန်နစ် သုံးစွဲခြင်းကြောင့်  အိပ်ရေးပျက် သူဦးရေသည် တစ်စတစ်စပိုများလာကြောင်း NHS Data မှ သတင်း ထုတ်ပြန်ထားသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဖုန်းနှင့်တက်ဘလက်များက စိတ်ဖျော်ဖြေရေး ပစ္စည်းတစ်ခု အဖြစ် ၎င်းတို့အိပ်ရာထဲတွင် စိုးမိုးနေကြ၍ ဖြစ်သည်။

- တစ်ဖန် ဗြိတိန်နိုင်ငံ၏ စစ်တမ်းအရ အသက်ကိုးနှစ်မှစ၍ ဆယ်ကျော် သက်အရွယ်များတွင်  အနည်းဆုံးဖုန်းတစ်လုံးခန့် ၎င်းတို့အိပ်ခန်းထဲတွင် နေရာယူထားကြကြောင်း၊ ဗြိတိန်နိုင်ငံလုံးဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမများညီလာခံအစီရင်ခံစာအရ ၎င်းတို့ကျောင်းရှိ ဆယ်ကျော်သက် ထက်ဝက် ကျော်က တစ်ရေးနိုးအချိန်တွင် ဖုန်းကိုဖွင့်၍ ညလုံးပေါက် နီးပါးသုံးတတ်ကြောင်း  လေ့လာသိရှိရသည်။ ဤစစ်တမ်းကို  King's College London  မှ ကျောင်းသား၊ ကျောင်းသူဦးရေ  ၁၂၅၀၀၀  ကို လေ့လာ ခဲ့ခြင်းဖြစ်သည်။

- ထို့အတူ ကနေဒါနိုင်ငံ၌ ပျမ်းမျှအသက်ကိုးနှစ်မှ ၁၁ နှစ်အရွယ် ကလေးများမှာ အိပ်ချိန်နည်း၍   ခန္ဓာကိုယ် အဝလွန်ခြင်းပြဿနာနှင့် တွေ့ကြုံနေရကြောင်း ကနေဒါနိုင်ငံထုတ် Public  Health ဂျာနယ် တစ်စောင်တွင် ဖော်ပြထားသည်။

- လန်ဒန်ရှိ The Sleep School မှ အိပ်စက်ခြင်းဆိုင်ရာ ကျန်းမာရေး သုတေသီတစ်ဦးကလည်း လူသားများ၏ ဦးနှောက်သည် အသက် ၂၁ နှစ်တိုင်အောင် ဖွံ့ဖြိုးလေ့ရှိကြောင်း၊ ဦးနှောက်ဖွံ့ဖြိုးမှု ဖြစ်စဉ်သည် ညဘက်အိပ်ပျော်နေစဉ် ဇီဝဖြစ်တည်လေ့ရှိကြောင်း၊ ကောင်းစွာ အိပ်မပျော်ခြင်းကြောင့် အတွေးအခေါ်ပိုင်းဆိုင်ရာ စဉ်းစားဉာဏ်ကို ဒုက္ခပေးနိုင်ကြောင်း ထို့ကြောင့် ဆယ်ကျော်သက်အရွယ်တွင် ကာလ တာရှည်အိပ်ရေးမ၀ခြင်းက အနာဂတ်အတွက် ကြောက်စရာဖြစ်ကြောင်း အကြံပြုထားသည်။

- စင်ကာပူနိုင်ငံရှိ ဆေးသုတေသနပညာရှင်များသည် ဟန်းဖုန်း၏ ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည် များက ကင်ဆာရောဂါနှင့် ဆက်စပ်မှု ရှိ၊ မရှိအခြေအနေကို လေ့လာဆန်းစစ်ရာ လူငယ်တို့တွင်  ဦးနှောက် ကင်ဆာရောဂါဖြစ်ပွားနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။ စင်ကာပူနိုင်ငံ၏ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အထူးတာ၀န်ရှိသူ၏ ပြောကြားချက်အရ  အသက် ၂၀ နှစ်အောက်လူငယ်များတွင်  မိုဘိုင်းလ်ဖုန်းကို အချိန်ကြာမြင့်စွာအသုံးပြုပါက ဦးနှောက်နှင့်အာရုံကြောကို ထိခိုက်စေ နိုင်ကြောင်း၊   ထိုလူငယ်လူရွယ်တို့၏ ဦးနှောက်မှာ မှတ်ဉာဏ်အား လျော့နည်းစေပြီး ဦးနှောက်အာရုံကြောလေး များမှာ အလွန်တရာ ပါးလွှာလျက်ရှိကြောင်း၊ အဆိုပါဟန််းဖုန်း၏ ရေဒီယိုသတ္တိကြွဓာတ်က သုံးစွဲသူ လူငယ်များ၏ ဦးနှောက်နှင့်အာရုံကြောကို အလွန်အန္တရာယ်ပေးနိုင်ခြင်းကြောင့် ဦးနှောက်ကင်ဆာ ရောဂါ ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။

- ယူကရိန်းနိုင်ငံ သိပ္ပံပညာအကယ်ဒမီမှ ဆေးပညာရှင်တစ်ဦး၏ လေ့လာတွေ့ရှိချက်အရ ဟန်းဖုန်းသည် လူသားများ၏ ကျန်းမာရေးအတွက် အန္တရာယ်အရှိဆုံး အရာတစ်ခုဖြစ်နေကြောင်း ယခုကဲ့သို့ ဖော်ပြထားသည်။  စမတ်ဖုန်းနှင့်   ကြိုးမဲ့ကိရိယာတက်ဘလက်မှ ထုတ်လွှတ်နေသော ရေဒီယိုလှိုင်း များသည် ကျန်းမာရေးပြဿနာ အမြောက်အမြားဖြစ်ပေါ်စေနိုင်ကာ ကင်ဆာရောဂါမှစ၍ ဦးနှောက် ရောဂါများဖြစ်ကြသော ပါကင်ဆဲန်နှင့် အယ်လ်ဇိုင်းမားရောဂါတို့ကို ချိတ်ဆက်ဖြစ်ပေါ်လာစေနိုင် ကြောင်း၊ အဆိုပါဖြစ်ပွားမှုကို  ဆေးသိပ္ပံ နည်းအရ စိတ်ဖိစီးမှုအောက်ဆီဒေးတစ်ဖ်ဟုခေါ်၍ ၎င်း၏ ဘေးထွက် ဆိုးကျိုးအဖြစ် မဖွံ့ဖြိုးခြင်းရောဂါစုကိုဖြစ်စေနိုင်ကြောင်း၊ ထိုရေဒီယိုကြိမ်နှုန်းနှင့် ရေရှည် ထိတွေ့မှုကြောင့် ခေါင်းကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းနှင့် အရေပြားယားယံခြင်းတို့ကို ခံစားရနိုင် သည်။

ဟန်းဖုန်းသုံးစဉ်သတိယှဉ်

တိုးတက်ခေတ်မီလာသော အင်တာနက်ခေတ်ရေစီးကြောင်းနှင့်အညီ စာရေးသူတို့ မြန်မာနိုင်ငံ၌လည်း  လွန်ခဲ့သော  ၁၀  နှစ်ကျော် ခန့်မှစ၍ လူတိုင်း ဟန်းဖုန်းကိုင်နိုင်သော  အခွင့်အရေးရှိလာခဲ့သည်။ သာရေး၊ နာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊  ပညာရေးစသည့်  လူမှုရေးရာ ကိစ္စအရပ်ရပ်အတွက် အချိန်မရွေး အသုံးပြုနိုင်သဖြင့် ဟန်းဖုန်းက အလွန်အရေးပါအရာရောက်ကာ အသုံးတည့်လှသည်။

ဟန်းဖုန်းသုံးစွဲခြင်းအန္တရာယ်နှင့်ပတ်သက်၍ တချို့သူများက သိထားကြပြီး တခြားမသိသေးသော သူအများစုအတွက် အကြံပြုရပါလျှင် -

- ဖုန်းကို ဘယ်ဘက်(ဝဲဘက်)နားဖြင့်သာ နားထောင်ပါ။

- ဖုန်းဘတ်ထရီအား အနည်းငယ်မျှသာကျန်ရှိနေပါလျှင် ဖုန်းနားမထောင်ပါနှင့်။ ထိုအချိန်တွင် ရေဒီယို သတ္တိကြွနှုန်းက ပုံမှန်ဘတ်ထရီအားပြည့်ချိန်ထက် အဆ ၁၀၀၀ မျှ အကြားအာရုံကို ဝန်အားပိစေပါ သည်။

-  ဖုန်းကို ခေါင်းအုံးအောက်ထား၍မအိပ်ပါနှင့်။ ဟန်းဖုန်း၏ ထောင့်စွန်းမှ ရေဒီယိုသတ္တိကြွဓာတ်များ    အချိန်ပြည့်ထုတ်လွှတ်နေသဖြင့် ဦးနှောက်ကိုထိခိုက်စေကာ ဦးနှောက်အကျိတ်/ကင်ဆာ ဖြစ်စေတတ် သည်။

- ညဘက်အိပ်ပျော်နေစဉ် ဟန်းဖုန်းမှထုတ်လွှတ်သော ရေဒီယို သတ္တိကြွဓာတ်များ အန္တရာယ် လျော့ကျစေရန် ဖုန်းကို မိမိနှင့်ခပ်လှမ်းလှမ်း နေရာ၌တင်ထားပါ။ ဖုန်းကို နားနှင့်ကပ်၍မပြောဘဲ Speaker  ကိုသာ ဖွင့်ပြောပါ။  ဖြစ်နိုင်လျှင် ဖုန်းမပြောဘဲ Message  ရိုက်၍သုံးပါ။ နံနက်နှိုးစက် အတွက်  ဟန်းဖုန်းကိုအသုံးပြုမည်ဆိုပါက  Airplane Mode ကို နှိပ်၍သုံးပါ။

အားသွင်းနေစဉ်ဖုန်းပြောခြင်းက လူကိုသေစေနိုင်

ဟန်းဖုန်းများက အလွန်အသုံးတည့်လှသော်လည်း သတိနှင့်ကိုင် တွယ်တတ်ရန် အထူးအရေးကြီးလှ သည်။ မသုံးတတ်လျှင် အသက်ဘေးအန္တရာယ်ဖြစ်စေနိုင်ကြောင်း CNN သတင်းတွင် ယခုကဲ့သို့ ဖော်ပြထားသည်။ အမေရိကန်နိုင်ငံမှ ဖြစ်ရပ်မှန်သတင်းတစ်ပုဒ်ဖြစ်သည်။ လူငယ် အမျိုးသားတစ်ဦး သည် ဖုန်းဘတ်ထရီအားသွင်းနေစဉ် ဖုန်းသံမြည်လာရာ အားသွင်းကြိုးမဖြုတ်ဘဲ ဖုန်းပြောခဲ့သည်။  စက္ကန့်အနည်းငယ်အတွင်း   ဖုန်းထဲကိုဝင်လာသည့်ဓာတ်စီးအားက မထိန်းချုပ်နိုင်ဘဲ သူ့ကို လွှတ်ပစ် သလို မြေပြင်ပေါ်လဲကျစေခဲ့သည်။ အသံကြားသဖြင့် မိသားစုများ  ချက်ချင်းအနား ရောက်လာသော် လည်း လက်ချောင်းထိပ်များ မီးလောင်သကဲ့သို့ ကွေးကောက်ကာ သတိလစ်နေသည်။ ဆေးရုံရောက် ချိန်တွင် ထိုလူငယ်အသက်မရှိတော့ပေ။

ထို့ကြောင့် ဖုန်းထုတ်လုပ်သည့်ကုမ္ပဏီများက အန္တရာယ်ကင်းစွာ အသုံးချတတ်ရန် ဖုန်းဘတ်ထရီ နောက်ကျောနှင့် အိတ်ခွံများပေါ်တွင် အောက်ပါအတိုင်း သတိပေးစာရေးထားကြသည်။

- မတူညီ မလိုက်ဖက်သော ဖုန်းအားသွင်းကြိုးဖြင့် ဖုန်းဘတ်ထရီ အားမဖြည့်ပါနှင့်။

- ဖုန်းကို ချွန်သည့်အရာဖြင့် ဖိထိုးခြင်း၊ အပေါက်ဖြစ်စေခြင်းမျိုးမလုပ်ပါနှင့်။

- တခြားဓာတ်သတ္တုပစ္စည်းများဖြင့် ဖုန်းကိုမပွတ်မိပါစေနှင့်။

- ဖုန်းကိုအောက်သို့ပြုတ်မကျပါစေနှင့်။

- ဖုန်းကို နေပူထဲ သို့မဟုတ် မီးအပူနားမထားပါနှင့်။

- ဖုန်းကို ရေမစိုပါစေနှင့်။

- ဖုန်းဝယ်သည့်အခါ ဖုန်းဘတ်ထရီအားသွင်းနည်း၊ အသုံးပြုပုံနှင့် ဘတ်ထရီသက်တမ်း စသည်တို့ကို ညွှန်ကြားချက်ပါစာအတိုင်း လိုက်နာ သုံးစွဲပါ။

ဆယ်ကျော်သက်နှင့် ဖုန်း Chatting

ဆယ်ကျော်သက်အရွယ်အများစုသည် ဟန်းဖုန်းပေါ်တွင် နှစ်သက် စွဲလမ်းလွန်းသဖြင့် ဖုန်းမပါဘဲ အိပ်ရာမဝင်တတ်ကြတော့ပေ။ ညစဉ် ညတိုင်းအိပ်ရာထဲတွင် ဖုန်းဖြင့် Game ဆော့ခြင်း သို့မဟုတ် Chatting ပြောနေကြသဖြင့် အိပ်စက်ချိန်နောက်ကျလေ့ရှိပြီး နောက်တစ်နေ့ နံနက် ကျောင်းစာသင်ခန်း ထဲရောက်သည့်အခါ  အိပ်ရေးမဝဖြစ်ကာ ကျောင်းစာအပေါ်  အာရုံမစိုက်နိုင်တော့ပေ။  ထိုသို့စွဲလမ်းခြင်း သည်  ပညာရေးကိုထိခိုက်လာစေသည့်အပြင် ကျန်းမာရေး၊ လူမှုရေးများတွင်ပါ ပြဿနာရှိလာနိုင်သည်။

ထိုမျှမက ညအမှောင်ထဲတွင်  မျက်စိမှိတ်ပြီး ဖုန်းပြောခြင်းကလည်း အိပ်စက်မှုကိုထိခိုက်စေသည်။ အဘယ်ကြောင့်ဆိုသော် စမတ်ဖုန်းမှ ထွက်ရှိသည့် အီလက်ထရွန်နစ် အပြာရောင် အလင်းရောင်စဉ် တန်းက မျက်ခွံမှတစ်ဆင့် ထိုးဖောက်၀င်ရောက်သွားပြီး အာရုံခံအဖွဲ့အစည်းကို ကမောက်ကမဖြစ် စေကာ အိပ်ချင်စိတ်ကို ကြီးစွာသောအနှောင့်အယှက် ဖြစ်စေနိုင်သည်။ ထို့ကြောင့် ညဘက်စမတ်ဖုန်း များကိုသုံးစွဲသည့်အခါ လျှပ်စစ်မီးအလင်းရောင်ရရှိနိုင်သော နေရာတွင်သာ သုံးစွဲသင့်သည်။ ယင်းလျှပ် စစ်မီးအလင်းရောင်က ဖုန်းထဲမှယိုစိမ့်ထွက်လာသည့် အပြာရောင်အလင်းရောင်စဉ်တန်းကို တန်ပြန် တိုက်ထုတ်ပေးနိုင်၍ ဦးနှောက်မှ Melatonin ဓာတ်ထွက်ရှိလာမှုကို တစ်ဖက်တစ်လမ်းမှ အထောက် အကူ ဖြစ်စေကာ အိပ်မပျော်ခြင်းပြဿနာကို သက်သာပြေလျော့စေနိုင်သည်။

အချုပ်အားဖြင့်ဆိုရသော် ကလေးများ အိပ်ရေးမပျက်စေရေးအတွက် မိဘများကလည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။  မိဘ ကိုယ်တိုင်   ဖုန်းကိုအိပ်ရာထဲတွင်   အသုံးပြုနေခြင်းက သား၊  သမီး များအတွက် မှားယွင်းသော အတုယူမှုဖြစ်စေသည်။ အထက်ဖော်ပြပါ အိပ်ရေးပျက်ခြင်းဆိုင်ရာ ကျန်းမာရေးပြဿနာမျိုးကို ဆယ်ကျော်သက် အရွယ်များသာမက အရွယ်ရောက်ပြီးသူ လူကြီးများလည်း မလွဲမသွေ တွေ့ကြုံခံစားရနိုင်သည်။ ထို့ကြောင့် အင်္ဂလန်နိုင်ငံမှ လူထုကျန်းမာရေး အသင်းအဖွဲ့တစ်ခုမှ   ဆယ်ကျော်သက်များကိုဦးတည်၍  ပညာပေး ဆောင်ပုဒ်တစ်ခုထုတ်ပြန်ခဲ့သည်။ ယင်းဆောင်ပုဒ်မှာ FOMO(Fear of Missing Out) ဖြစ်ပြီး ဆိုလိုချက်က ညအိပ်ရာဝင်ခါနီးတိုင်း  ဖုန်းကို ပိတ်ထားကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။

ထို့ကြောင့် ညအိပ်ရာဝင်ခါနီး ဖုန်းကိုလုံးဝပိတ်ထားခြင်းက ဘေးအကင်းဆုံးဖြစ်ပေမည်။ အထူး သတိပြု ရန်မှာ သာမန်ညအိပ်မီးသီးလေး မှထွက်ရှိသော အလင်းရောင်စဉ်သည်ပင်လျှင် Insomnia (ခေါ်) အိပ်မရခြင်း ဝေဒနာကို ခံစားရနိုင်သည်။ ထို့ကြောင့် ဖုန်းမျက်နှာပြင်မှ ထုတ်လွှတ်လိုက်သည့်     အပြာရောင် အလင်းရောင်စဉ်တန်းများက ညအချိန်တွင်  ကြီးစွာသော ကျန်းမာရေး ဒုက္ခကိုပေးနိုင် သောကြောင့်    အလွန်ဆိုးရွား ကြောက်မက်ဖွယ်ကောင်းသည့် အိပ်ရေးပျက်ခြင်းဖြစ်စဉ် ကို ဖြစ်စေနိုင်သ ဖြင့် ဖုန်းကိုအိပ်ရာထဲတွင်ထား၍ မအိပ်ကြရန် အကြံပြု တိုက်တွန်းရေးသားလိုက်ရပါသည်။   

ပေါက်ပေါက်