မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိပါသဖြင့် အဝါရောင်အဆင့် သတ်မှတ်
နေပြည်တော် ဩဂုတ် ၃၁
ယနေ့ညနေ ၅ နာရီခွဲအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ အင်ဒရာ ပရာဒေ့ရှ် မြောက်ပိုင်းကမ်းလွန်နှင့် ဩရိဿတောင်ပိုင်းကမ်းလွန်)တို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် မြောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ဟိုင်းကြီးကျွန်း မြို့(Hainggyigyun) ၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၅၈၅ မိုင်ခန့်၊ သံတွဲမြို့ (Thandwe) ၏ အနောက်ဘက် ရေမိုင် ၅၇၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ဗီဆာကာပတ္တနမ်မြို့(Vishak hapatnam) ၏ အရှေ့ဘက် ရေမိုင် ၆၅ မိုင်ခန့်၊ ဂိုလ်ပါပူမြို့ (Gopalpur)၏ တောင်- အနောက်တောင်ဘက် ရေမိုင် ၈၅ မိုင်ခန့်၊ ကာလင်ဂါပတ္တနမ်မြို့ (Kalingapatnam)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါ သဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။
အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲအချိန်တွင် မြောက်လတ္တီကျူ့ ၁၈ ဒသမ ၀ ဒီဂရီနှင့် အရှေ့လောင်ဂျီကျူ့ ၈၄ ဒသမ ၃ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့်ဖြစ်သည်။
အဆိုပါမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿ တောင်ပိုင်း ကမ်းခြေတို့ကို ဗီဆာကာပတ္တနမ်မြို့ (Vishakhapatnam) နှင့် ဂိုလ်ပါပူမြို့ (Gopalpur) တို့အကြား ကာလင်ဂါပတ္တနမ်မြို့ (Kalingapatnam) အနီးမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။
အဆိုပါမုန်တိုင်းငယ်၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင် သည်။
သို့ဖြစ်ပါ၍ မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
(မိုး/ဇလ)