နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုက မကွေးတိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များအတွက် ငွေကျပ်သိန်း ၃၀ နှင့် လူထုသိပ္ပံကျမ်းစာအုပ်နှင့် သုတ၊ ရသစာအုပ်စာစောင်မျိုးစုံလှူဒါန်း
မင်းဘူးမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ
မင်းဘူး ဩဂုတ် ၃၁
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာ ဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေနိုင်ရန် ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော် ဖွင့်ပွဲအခမ်းအနား၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုက မကွေးတိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များအတွက် ငွေကျပ်သိန်း ၃၀ နှင့် လူထုသိပ္ပံကျမ်းစာအုပ်နှင့် သုတ၊ ရသစာအုပ်စာစောင် မျိုးစုံလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော် မုခ်ဦးကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တက် ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ ပါဝင်ကူညီခဲ့သည့် ပန်းဖွားအဖွဲ့၊ ဘင်ခရာအဖွဲ့၊ အိုးစည်အဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကျောင်း စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူ များအား အစားအစာများပေးဝေ၍ ခင်းကျင်းပြသထားသော ဌာနဆိုင်ရာပြခန်းများ၊ ဓာတ်ပုံပြခန်း များကို လှည့်လည်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို အဆိုပါကျောင်းခန်းမ၌ကျင်းပရာ မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး “နိုင်ငံအကျိုးအတွက်မှန်းမျှော်ရည် ခိုင်မာတိုးတက်စေ ရမည်” Video Clip ကို ပြသသည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အကြီး အကဲက လူထုသိပ္ပံကျမ်းများကို လူငယ်များဖတ်ရှုလေ့လာနိုင်ရန် ပြန်လည်ပုံနှိပ် ထုတ်ဝေ စေပြီး စာကြည့်တိုက်များအတွက် ဝယ်ယူလှူဒါန်းပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များကို ဖတ်ရှုစေလိုသည့်အတွက် ယခုလို စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ကျင်းပ ပေးခြင်းဖြစ်ပြီး စာဖတ်လိုစိတ်များ မွေးမြူပေးရမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများသည် မိမိတို့ဘဝ တိုးတက်အောင်သင်ကြားပြသ မီးမောင်းထိုးပြပေးနေသူများဟု မှတ်ယူကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှမိသားစုက မကွေးတိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များ အတွက် လှူဒါန်းသော အလှူငွေကျပ်သိန်း ၃၀ ၊ လူထုသိပ္ပံကျမ်း အတွဲ(၆)နှင့် အတွဲ(၇)စာအုပ်ပေါင်း ၁၂၂ အုပ်နှင့် သုတ၊ ရသစာအုပ် စာစောင်မျိုးစုံ ၂၃၃ အုပ်တို့အား ပြည်ထောင်စုဝန်ကြီးက ပေးအပ်ရာ လူမှုရေးရာ ဝန်ကြီးက လက်ခံရယူသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မင်းဘူးမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများအတွက် DTH စလောင်းငါးစုံနှင့် DVB T2 Set Top Box ၁၅ လုံးတို့အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးပညာရေးမှူးက လက်ခံရယူသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအတွင်း ထပ်မံဆောက်လုပ်မည့် စာကြည့်တိုက်အဆောက်အအုံသစ် လေးတိုက်အတွက် အလှူငွေကျပ်သိန်း ၆၀၀ အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်း စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ မင်းဘူးမြို့ ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဒုတိယတန်း ကျောင်းသား မောင်ဘုန်းလင်္ကျာက ရုပ်သေးအကဖြင့်လည်းကောင်း၊ စေတုတ္တရာမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူများက “လှမ်းခဲ့ပါအဆွေ ဖန်ခါးမြေ”သီချင်းဖြင့်လည်းကောင်း ဖျော်ဖြေ၍ စာရေးဆရာသန်းထွန်း(စကု)က “ကမ္ဘာမြေပတ်ဖို့ စာတွေဖတ်စို့”ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးသည်။
ထို့နောက်မင်းဘူးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသူများက“ဗိုလ်ရှုသဘင်”သီချင်းဖြင့်လည်းကောင်း၊ “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့”သီချင်းဖြင့်လည်း ကောင်း၊ “ဇာတိမာန်”သီချင်းဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စာရေးဆရာသန်းထွန်း(စကု)အား အမှတ်တရ လက်ဆောင်ပေး အပ်ပြီး အကအဖွဲ့များအား ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မင်းဘူးမြို့ သာသနာ့ ဗိမာန်တော်သို့ သွားရောက်၍ ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မင်းဘူးမြို့ရှိ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ကိစ္စများ ဆွေးနွေးခဲ့သည်။
နံနက်ပိုင်းတွင်လည်း ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပြည်သူ့ဆေးရုံကြီး (မကွေး)သို့ သွားရောက်၍ ဆေးရုံဝင်းအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများ သန့်ရှင်းရေး ဆောင်ရွက် နေမှု၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု အထိမ်းအမှတ်အဖြစ် အဆင့်မြှင့်တင်ထားသော သားဖွားမီးယပ်နှင့် မွေးကင်းစ ကလေးသုံးထပ်ကုသဆောင်သစ်နှင့် စကုမြို့၌ တည်ဆောက်ပြီးစီးသည့် စာကြည့်တိုက် အဆောက် အအုံသစ်တို့ကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
(၅၀၀)