နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံ၍  ဒေသစီးပွာ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံ၍  ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား

နေပြည်တော်၊ စက်တင်ဘာ - ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ဒေသဖွံဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများအား အသီးသီးရှင်းလင်းတင်ပြ

ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုနှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ စက်မှုဇုန်များအလိုက် ကုန်ထုတ်လုပ်ငန်း များဆောင်ရွက်လျက်ရှိမှု၊  ကျန်းမာရေး၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းအောင်မြင်စေရေးဆောင်ရွက်လျက်ရှိမှုနှင့် ဒေသအလိုက် တည် ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး

ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများမှ မိုးရာသီကာလ အတွင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း၊ တံတားများ ပြန်လည်ပြင်ဆင်ပေးသွား မည်ဖြစ်သည့်အခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ မျိုးကောင်း မျိုးသန့်များ ရရှိရေးဆောင်ရွက်ပေးလျက်ရှိမှု၊ မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရန်လိုအပ်မှုနှင့် ပိုးသတ်ဆေးများကို စနစ်တကျသုံးစွဲရန်လိုအပ်မှု၊ စိုက်ပျိုးရေများကို အကျိုးရှိစွာအသုံးချနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ တောင်သူလယ်သမားများ စိုက်ပျိုး ရေးအသိပညာများ သိရှိစေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့သည့် စပါးစိုက်ခင်းများအတွက် မျိုးစပါးများပံ့ပိုးပေးနိုင်မှု၊ မွေးမြူရေးလုပ်ငန်းနှင့် ပတ် သက်၍ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ပေးလျက်ရှိမှု၊ ဥစားကြက်၊ အသားစားကြက် နှင့် နို့စားနွားများ တိုးချဲ့မွေးမြူနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုနှင့်  စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ ရရှိစေရေး ဆောင်ရွက် လျက်ရှိမှုအခြေအနေများကို ပြန်လည်ဆွေးနွေးပြောကြားကြသည်။

ဖြည့်စွက်ဆွေးနွေး

ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းမကြီးများနှင့်ပတ်သက်၍ လမ်းမကြီးများဥပဒေနှင့် အညီ လမ်းဧရိယာ၊ လမ်းနယ်များ သတ်မှတ်ပေးထားပြီးဖြစ်ကြောင်း၊ လမ်းမကြီးများ ဥပဒေနှင့် သတ်မှတ်ထားသည့် လမ်းနယ်များနှင့်မလွတ်ကင်းသည့် နေရာများမှ မြေများအား ဂရန်သက်တမ်းတိုးခြင်းများကို ကန့်သတ်ရန်လိုကြောင်း၊ ဒေသအလိုက် လမ်းများအား လမ်းအင်္ဂါရပ်များနှင့်ညီညွတ်စေရေး ဆောင်ရွက်ရာတွင် လမ်းဘေး ဝဲယာ၌ ရေနုတ်မြောင်းများကို စနစ်တကျထည့်သွင်း၍ ရေထုတ်စနစ်များ ဆောင်ရွက် ရန်လိုကြောင်း၊  ရေထုတ်စနစ်များကောင်းမွန်မှသာ ရေကြီးရေလျှံခြင်းများကို လျော့ပါး စေမည်ဖြစ်ကြောင်း။

မြေယာနှင့်ပတ်သက်၍ မြေလွတ်မြေရိုင်းများအပေါ်၌ စီမံကိန်းများအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့်အချိန်ကာလအတွင်း လုပ်ငန်း များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းမပြုဘဲ မြေယာများ ရယူထားမှုများကို ဥပဒေနှင့်အညီ စိစစ်ဆောင် ရွက်သွားရန်လိုကြောင်း၊ လယ်ယာမြေများကို အခြားနည်းဖြင့်သုံးစွဲရန်အတွက် တိုင်း ဒေသကြီးအဆင့်ဖြင့် ဆောင်ရွက်၍ရသော်လည်း လယ်မြေများကို အခြားနည်းဖြင့် ပြောင်းလဲသုံးစွဲမှုများကို နိုင်ငံတော်အစိုးရထံခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း၊ လယ် မြေများကို အခြားနည်းများဖြင့် သုံးစွဲခြင်းများကြောင့် စိုက်ပျိုးမြေများလျော့နည်း လာပြီး စိုက်ပျိုးထုတ်လုပ်မှုများကို ထိခိုက်စေနိုင်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မြေယာများနှင့်ပတ်သက်၍ စနစ်တကျဖြင့် စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြေများကို အကျိုးရှိစွာဖြင့် အသုံးချ နိုင်ရန်လိုကြောင်း၊ မြေလွတ်မြေရိုင်းများနှင့် လယ်ယာမြေပိုင်ဆိုင်မှုများနှင့် ပတ်သက် ၍ ဥပဒေများကို ပြန်လည်သုံးသပ်ဆောင်ရွက်လျက်ရှိကြောင်း။

စာကြည့်တိုက်များနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းကောက်ယူမှု စာရင်းများအရ စာတတ်မြောက်မှုရာခိုင်နှုန်းမှာ ပျမ်းမျှ အားဖြင့် ၉၂ ရာခိုင်နှုန်းခန့် ရှိသည်ကိုတွေ့ရကြောင်း၊ သို့သော် အများစုအနေဖြင့် မူလတန်းပညာကိုသာ တတ်မြောက်ကြခြင်းဖြစ်ပြီး ကျောင်းနေအရွယ်ကို ကျော်လွန် သွားပြီဖြစ်၍ ၎င်းတို့အနေဖြင့် လူမှုအသိုင်းအဝိုင်းအတွင်း အသိပညာ၊ အတတ်ပညာ များ ရရှိအောင်ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြို့နယ်၊ ကျေးရွာ ရပ်ကွက် များအလိုက် စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ စာသင်ကျောင်းများ တွင်လည်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်သည့် အလေ့အကျင့် ကောင်းများရရှိအောင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဖတ်ခြင်း၊ မှတ်ခြင်း၊ ဆွေးနွေး ခြင်းများရှိမှသာ အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ပညာရည်မြင့်မားရေးအတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင် ရွက်ပေး လျက်ရှိကြောင်း၊ ပညာတတ်များပေါကြွယ်ဝရေး ပြည်နယ်နှင့်တိုင်းဒေသကြီး အလိုက်လည်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့်ပြောကြားသည်။

နိုင်ငံ့စီးပွားကောင်းမွန်ရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိ

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူ များကို တွေ့ဆုံရခြင်းသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို မှာ ကြားနိုင်ရန်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကိုလိုလားကြကြောင်း၊ စီးပွားရေးကောင်းမွန်မှသာ နိုင်ငံရေးတည်ငြိမ်အေးချမ်း ပြီး ပြည်သူများအနေဖြင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် နေထိုင်လုပ်ကိုင် စားသောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးနှင့် နိုင်ငံရေးသည် အပြန်အလှန် အမှီသဟဲပြုနေခြင်းဖြစ်ပြီး နိုင်ငံ၏စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများ အားလုံးတွင်တာဝန်ရှိကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးချိန်မှ ယနေ့အထိ နိုင်ငံရေးစနစ် အမျိုး မျိုးကိုကျင့်သုံးခဲ့ကြောင်း၊ နိုင်ငံရေးစနစ်များပြောင်းလဲကျင့်သုံးမှုနှင့်အတူ စီးပွားရေး စနစ်များလည်း ပြောင်းလဲကျင့်သုံးမှုများရှိခဲ့ကြောင်း၊ စီးပွားရေးတွင် တိုးတက်မှုများ ရှိသကဲ့သို့ ထိုက်သင့်သလောက်အောင်မြင်မှု မရှိခဲ့သည်များလည်းရှိကြောင်း၊ စီးပွား ရေး အားနည်းချက်များဖြစ်ပေါ်မှုများကြောင့် နိုင်ငံရေးပြဿနာများဖြစ်ပေါ်ခဲ့သည်ကို လည်း တွေ့မြင်ရမည်ဖြစ်ပြီး စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင်အခွင့်အလမ်း နည်း ပါးခြင်းများကြောင့်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ အားသာချက်များ၊ အားနည်းချက်များကို သင်ခန်းစာယူဖော်ထုတ်၍ မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း။

စားရေရိက္ခာဖူလုံရေးနှင့် လူတစ်ဦးချင်းစီအလိုက် စားရေး၊ နေရေး၊ ဝတ်ရေး တို့ အဆင်ပြေစေရေး ဆောင်ရွက်ပေးနိုင်ရန်လို

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းကို အဓိက ဆောင်ရွက်ခြင်းဖြစ်သဖြင့် အဆိုပါ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံ သည့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အလားတူ အခြားကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း တိုးတက်အောင်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ လူတစ်ဦးချင်းစီတွင် စားရေး၊ ဝတ်ရေး၊ နေရေး ဟူ၍ရှိပြီး အားလုံး အဆင်ပြေနေစေရေးအတွက် စီးပွားရေးကောင်းမွန်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ သည် စားနပ်ရိက္ခာထုတ်လုပ်သည့်နိုင်ငံဖြစ်သဖြင့် စားရေးနှင့်ပတ်သက်၍ အခက်အခဲ မရှိကြောင်း၊ မိမိတို့၏ အမျိုးသားရေးရည်မှန်းချက်တွင်လည်း စားရေရိက္ခာဖူလုံရေး ပါဝင်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံးတွင် ဒေသဝမ်း စာဆန်ဖူလုံမှုရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး စားရေရိက္ခာဖူလုံမှုရှိအောင် ဆောင် ရွက်ကြရန်လိုကြောင်း။

ဝတ်ရေးနှင့်ပတ်သက်၍ လူတိုင်းသည် အဝတ်အထည်များကို မဖြစ်မနေအသုံးပြု ရကြောင်း၊ မိမိတို့နိုင်ငံသည် ဝါစိုက်ပျိုးသည့် နိုင်ငံဖြစ်သဖြင့် ပြည်တွင်း၌ ဝါများ လုံလောက်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ဝါစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက် စေရေးအတွက်လည်း မိမိတို့အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အဆင့်မီ သည့်ချည်ထည်များ ထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဝါမှ ဝါဂွမ်း၊ ချည်၊ ပိတ်နှင့် ချည်ထည်များ အဆင့်ဆင့်ထုတ်လုပ်ရကြောင်း၊ ဝါကို အဓိကစိုက်ပျိုးသည့်ဒေသများ၌ ဝါစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်အောင် ဆောင် ရွက်ရမည်ဖြစ်ပြီး ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက် ကြရန်လိုကြောင်း။

စားဝတ်နေရေးတွင် စားရေးသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ လက်ရှိအချိန် တွင် ကုန်ဈေးနှုန်းများသည် ထိုက်သင့်သည့် ဈေးနှုန်းထက် များပြားနေသည်ကိုတွေ့ရ ကြောင်း၊ မိမိ တို့အနေဖြင့် နိုင်ငံခြားငွေများရရှိစေရေး ထုတ်ကုန်များ တိုးမြှင့်ထုတ် လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရန်လိုကြောင်း၊ လက်ရှိအချိန်တွင် ပြည်ပနှင့် အကြောင်း အမျိုးမျိုးဖြင့် ဆက်သွယ်ဆောင်ရွက်မှု များပြားလာခြင်းကြောင့်  နိုင်ငံခြားငွေများ လိုအပ်ချက်ရှိလာကြောင်း၊ နိုင်ငံခြားငွေသုံးစွဲမှုများနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် မူဝါဒများချမှတ်၍ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခင်အစိုးရများ အဆက် ဆက်က ပြည်ပမှချေးယူခဲ့သည့်ပြည်ပချေးငွေများကိုလည်း မိမိတို့အနေဖြင့် ပြန်လည် ပေး ဆပ်လျက်ရှိကြောင်း၊ နိုင်ငံခြားဝင်ငွေများရရှိရေးအတွက် ပြည်ပရောင်းတန်း ဝင်သည့် ထုတ်ကုန်များတိုးတက်ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အဆိုပါထုတ်ကုန်များကို ပြည်ပ သို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေများ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ထိုသို့ ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းဆောင် ရွက်သူများ အနေ ဖြင့်လည်း စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း။

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း မိမိ တို့ကျရာအခန်းကဏ္ဍမှ တတ်စွမ်းသရွေ့ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ထောက်ပံ့ကြေးများတိုးမြှင့်ပေးအပ်လျက် ရှိကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့်အခွန်အခများ မှန်မှန်ကန်ကန်ရရှိစေရေး တာဝန်ရှိသူများ အနေဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း။

ပညာရေး၊ ကျန်းမာရေး

ပညာရေးနှင့်ပတ်သက်၍ ယနေ့ကမ္ဘာပေါ်တွင် ဖြစ်ပေါ်တိုးတက်နေသည့် အခြေ အနေအရ ပညာခေတ်၊ IT ခေတ်တွင် လူတိုင်း အလယ်တန်းအဆင့်အထိ ပညာတတ် မြောက်ရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင်ရှိပြီးဖြစ်သည့် သယံဇာတများကို အကျိုးရှိ ထိရောက်စွာဖြင့် အသုံးချနိုင်ရန် ပညာတတ်သည့် လူသားအရင်းအမြစ်များ လိုအပ် ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပညာရည်မြင့်မားစေရေး KG + 9 အထိ မသင် မနေရ စနစ်ကိုဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများ အလုံအလောက် ခန့်အပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ စာသင်ကျောင်း များ အနေဖြင့်လည်း အဆင့်မီသည့်ကျောင်းများဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် အခြေခံပညာကျောင်းများကို သတ်မှတ်ထားသည့် ကျောင်းအင်္ဂါရပ်များနှင့်အညီဖြစ် စေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေး ကောလိပ်များတွင် ဆရာ၊ ဆရာမများသင်တန်းအပြည်အဝ တက်ရောက် နိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် အဆင်ပြေချောမွေ့စွာဖြင့် သင်ကြားပေးနိုင်ရေးဆောင်ရွက် သွားရန်လိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်စာတတ် မြောက်စေရေးအတွက် အချိန်ပိုများဖြင့် သင်ကြားပေးရန်လိုကြောင်း။

မိမိတို့ကျရာကဏ္ဍအလိုက် တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်၍ နိုင်ငံ့အကျိုးကို ဖော်ဆောင်ကြရန်လို

မိမိတို့အနေဖြင့် လာမည့်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေး ကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အထောက်အကူရစေရန် လာမည့် အောက်တိုဘာလ ၁ ရက် မှစတင်၍ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကို ကောက်ယူသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှုသည် နိုင်ငံအတွက် များစွာအကျိုးရှိသည့်လုပ်ငန်းရပ်ဖြစ်ပြီး ရရှိလာသည့် အချက်အလက်များအပေါ် မူ တည် ၍ နိုင်ငံ့အကျိုးအတွက် များစွာစီမံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မှ တာဝန်ရှိသူများအနေဖြင့် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အောင်မြင်စေရေး ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံကောင်းမွန်စေရေးအတွက် နိုင်ငံ့အရေးကို ဆောင်ရွက်ရမည်သာဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တာဝန်များ ကျေပွန်စွာ ထမ်းဆောင်၍  မိမိတို့တာဝန်ကျရာနေရာများအလိုက် ဒေသအကျိုး၊ နိုင်ငံ့အကျိုးကို တတ်စွမ်းသရွေ့ ဖော်ဆောင်ကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။