ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၆)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မဟာ မင်္ဂလာအခမ်းအနားကျင်းပ
နေပြည်တော် မေ ၂၂
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၆) ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်း မဟာ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ ယနေ့ညနေပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်များ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တက်ရောက်လာကြသူများနှင့်အတူ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်မြောက်ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင်များအား ညောင်ရေသွန်း လောင်းပူဇော်ကြရန် နေရာယူကြပြီး အခမ်း အနားမှူးက မဟာဗောဓိရုက္ခသိဉ္ဇန ပူဇာဂါထာတော်ကို ရွတ်ဖတ်ပူဇော်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တက်ရောက်လာကြသူ များနှင့်အတူ သတ်မှတ်ထားသည့်နေရာများအလိုက် မဟာဗောဓိညောင်ပင်တော်များအား ညောင်ရေသွန်းလောင်း ပူဇော်၍ အမွှေးနံ့သာရည် ပက်ဖျန်းပူဇော်ကြကာ မဟာဗောဓိညောင်ပင်များအား လက်ယာရစ် လှည့်လည်ပူဇော်ကြကြောင်း သိရသည်။
(သတင်းစဉ်)