ဧရာဝတီတိုင်းဒေသကြီး အတွင်းပတ္တမြားကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တအရိယဝံသ (အဘိဓဇမဟာရဋ္ဌဂုရု) ဘဝနတ်ထံပျံလွန်တော်မူ
နေပြည်တော် မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ လက်သမားရပ်ကွက်၊ အတွင်းပတ္တမြား ကျောင်းတိုက် ဦးစီး ပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တအရိယဝံသ (အဘိဓဇမဟာရဋ္ဌဂုရု)သက်တော် (၁၀၀)နှစ်၊ သိက္ခာ(၈၀)၀ါရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်၊ မေလ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၇ နာရီ ၁၀ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
(သတင်းစဉ်)
နိုင်ငံတော်သြဝါဒါစရိယ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ လက်သမားရပ်ကွက် အတွင်း ပတ္တမြားကျောင်းတိုက်ဦးစီးပဓာနနာယက ဘဒ္ဒန္တအရိယဝံသ (အဘိဓဇမဟာရဋ္ဌဂုရု)၏ ထေရုပ္ပတ္တိ အကျဉ်း
ဖွားမြင်တော်မူခြင်း
ဆရာတော်လောင်းလျာသည် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ သပြေကုန်းတိုက်နယ်၊ ဆပ်သွားဖူးကျွန်းရွာ၊ ခမည်းတော် ဦးဘိုးသန့်+မယ်တော် ဒေါ်အေးညွန့်တို့မှ ၁၂၈၆ ခုနှစ်၊ ကဆုန် လပြည့်ကျော်(၈)ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။
ရှင်ရဟန်းပြုတော်မူခြင်း
ဆရာတော်လောင်းလျာသည် ၁၂၉၈ ခုနှစ်တွင် ဟင်္သာတမြို့နယ်၊ သပြေကုန်းကျေးရွာ၊ ၀ါဆိုကျောင်း ဆရာတော်ဘဒ္ဒန္တဇနိန္ဒကို ဥပဇ္စျာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ် သို့ရောက်ရှိခဲ့ပြီး ၁၃၀၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၂)ရက်၊ တနင်္လာနေ့တွင် သပြေကုန်းကျေးရွာ၊ ၀ါဆိုကျောင်းဗဒ္ဓသိမ်၌ သပြေကုန်းရွာ၊ ကံသစ်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တပဒုမကို ဥပဇ္စျာယ်ပြု၍ ဦးကျော်သိန်း+ဒေါ်ချစ်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ ပါသည်။
ပရိယတ္တိစာပေသင်ယူဆည်းပူးတော်မူခြင်း
ဆရာတော်လောင်းလျာသည် သပြေကုန်းကျေးရွာ၊ ၀ါဆိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇနိန္ဒ၊ အတွင်းပတ္တမြားကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓါစာရနှင့် စာချဆရာတော်များ၊ ရေကင်းကျွန်း ကလေးကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒောဘာသ၊ ပခုက္ကူမြို့၊ မဟာ၀ိသုတာရာမတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ၊ မန္တလေးမြို့၊ တောင်ထီးလင်း တိုက်ဆရာတော် ဘဒ္ဒန္တသူရိယာဘိဝံသ၊ ဘဒ္ဒန္တပုညာ နန္ဒာဘိဝံသ၊ ဘုရားကြီးတိုက်ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ၊ ဆီးဘန်နီတိုက်ဆရာတော် ဘဒ္ဒန္တ အာစာရာဘိဝံသ၊ စစ်ကိုင်းမြို့၊ ပဋ္ဌာန်းသိပ္ပံဆရာတော် ဘဒ္ဒန္တဣန္ဒက စသောဆရာတော် များထံတွင် ပရိယတ္တိစာပေများကိုသင်ယူဆည်းပူးတော်မူခဲ့ပြီး “သာသနဓဇ သိရီပဝရဓမ္မာစရိယ” ဘွဲ့ကို ရရှိတော် မူခဲ့ပါသည်။
သာသနာရေးအားပေးဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် ဟင်္သာတမြို့၊ အတွင်းပတ္တမြား ကျောင်းတိုက်၌ စာသင်သား ရဟန်းသာမဏေများအား ပရိယတ္တိစာပေများ သင်ကြားပို့ချပေးတော်မူခဲ့ခြင်း၊ စာပေကျမ်းဂန်များ ရေးသားပြုစုတော်မူခဲ့ခြင်းနှင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွင် မြို့နယ်သံဃာ့ဝန်ဆောင်၊ မြို့နယ်ဝိနည်းဓိုရ်၊ မြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝိနည်းဓိုရ်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖြစ် ဆောင်ရွက်တော်မူခဲ့ပြီး ယနေ့အထိ နိုင်ငံတော်သြဝါဒါစရိယဆရာတော်အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူ ခဲ့ပါသည်။
ဘွဲ့တံဆိပ်တော် အလှူခံရရှိတော်မူခြင်း
ဤသို့လျှင် ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသန ဓုရာဝဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊ ခမာဇာဂရိယဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလဉ္ဆနဂုဏ်၊ ရတ္တ ညူမဟာနာယကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ လဇ္ဇီပေသလသိက္ခာကာမဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၁၉၉၉ ခုနှစ်တွင် “အဂ္ဂမဟာ ပဏ္ဍိတ” ဘွဲ့တံဆိပ်တော်၊ ၂၀၁၄ ခုနှစ်တွင် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်မြတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဘဝနတ်ထံပျံလွန်တော်မူခြင်း
ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော်(၁၀၀)နှစ်၊ သိက္ခာ (၈၀)၀ါအရ ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်၊ (၂၂-၅-၂၀၂၄)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၇ နာရီ ၁၀ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။
(သတင်းစဉ်)