ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆီမီးတိုင်များဖြင့် လှည့်လည်ပူဇော်
နေပြည်တော် မေ ၂၂
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့အား ဝန်ကြီးဌာနများမှဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ဆီမီးတိုင်များဖြင့်လှည့်လည် ပူဇော်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးပရိဝုဏ်နှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တို့တွင် ကျင်းပသည်။
ဦးစွာ ဗျာဒိတ်တော်ခံယူတော်မူခြင်း၊ ဖွားမြင်တော်မူခြင်း၊ ဘုရားပွင့်တော်မူခြင်းနှင့် ပရိနိဗ္ဗာန် စံတော်မူခြင်း စသည့် သရုပ်ပြယာဉ်များနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ များသည် မော်တော်ယာဉ်များဖြင့် တပေါင်းကွင်းစုရပ်မှ စတင်ထွက်ခွာကြပြီး ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။
ထိုမှတစ်ဆင့် သရုပ်ပြယာဉ်များ၊ ဝန်ကြီးဌာနများမှဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများသည် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်သို့ ဆက်လက်ထွက်ခွာကြပြီး သရုပ်ပြယာဉ်များကို ဘုရားဖူးပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း အပူဇော်ခံရပ်နားထားရှိကာ ဝန်ကြီးဌာန များမှဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများက သာသနာ့အလံများနှင့် ဆီမီးတိုင်များ ကိုင်ဆောင် ၍ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား သတ်မှတ်လမ်းကြောင်းအတိုင်း လက်ယာရစ် လှည့်လည် ပူဇော်ကြသည်။
ထို့နောက် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအနီးရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ကြပြီး မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်၌ကျင်းပသည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ ဓမ္မသဘင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဟောကြားချီးမြှင့်တော်မူသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ ဓမ္မကထာဒေသနာတော်ကို ရိုသေ လေးမြတ်စွာနာယူကြသည်။
ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့အား ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ဝန်ကြီးဌာနများမှဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၈၀ ဦးတို့က ဆီမီးတိုင်များဖြင့် လှည့်လည်ပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)