စားအုန်းဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စားအုန်းဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၁

စားအုန်းဆီ  တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ကုန်သွယ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးထွန်းအုံ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့်   စားအုန်းဆီ တင်သွင်းသည့် လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများက Online ဖြင့်တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ပမှတင်သွင်းသည့် စားအုန်းဆီ ဆိပ်ကမ်းအရောက် တန်ဖိုး၊ နိုင်ငံခြားငွေလဲလှယ်နှုန်းတို့အပေါ် အခြေခံကာ ပြည်တွင်းကုန်ကျစရိတ်များကို တွက်ချက်၍  တစ်ပိဿာလက်ကား ရည်ညွှန်းဈေးနှုန်းကို နိုင်ငံပိုင်သတင်းစာများ၌  အပတ်စဉ်ထုတ်ပြန် ကြေညာပေးလျက် ရှိကြောင်း၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း အသိပေး ထုတ်ပြန်ထားရှိကြောင်း၊ ထုတ်ပြန်ကြေညာထားရှိသည့် ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် သယ်ယူ ပို့ဆောင်ခ၊ အလုပ်သမားခများထပ်ပေါင်းပြီး လက်ကား၊ လက်လီအဆင့်တစ်ဆင့်စီတိုင်း၌ အမြတ်နှစ်ရာခိုင်နှုန်းထက်မပိုဘဲ ဖြန့်ဖြူးရောင်းချရန်  ညွှန်ကြားထားရှိကြောင်း၊ သတ်မှတ်ဈေးနှုန်းဖြင့် မရောင်းချဘဲ ဝိသမလောဘနှင့်  အမြတ်တင်ရောင်းချမှုများ၊ သိုလှောင်မှုများကို  ဖော်ထုတ်အရေးယူလျက်ရှိကြောင်း၊ စားအုန်းဆီတင်သွင်းသည့် လုပ်ငန်းရှင်များ၊ လက်ကား၊ လက်လီများ၏ ဖြန့်ဖြူးရောင်းချမှုများကို ကြီးကြပ်ထိန်းကျောင်းပေးရေးတို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ   ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စားအုန်းဆီ တင်သွင်းသည့် လုပ်ငန်းရှင်များက  စားအုန်းဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းနှင့်  စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက်  တင်ပြကြပြီး နေပြည်တော်ကောင်စီ အဖွဲ့ဝင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးများက ကုမ္ပဏီများ၊ လက်ကား၊ လက်လီများ၏ စားအုန်းဆီဖြန့်ဖြူး ရောင်းချမှုကို ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊   ဈေးနှုန်းမြှင့်တင် ရောင်းချသူများကို  ဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် စားသုံးသူ လက်ဝယ်အရောက်  ဖြန့်ဖြူးရောင်းချပေးနေသည့်  နည်းလမ်းများကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Monday, September 2, 2024 - 09:05