တောင်ငူမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဖွင့်ပွဲကျင်းပ

တောင်ငူမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဖွင့်ပွဲကျင်းပ

တောင်ငူ    စက်တင်ဘာ    ၁

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲကို တောင်ငူမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌   ဩဂုတ်လ  ၃၁  ရက်က ကျင်းပသည်။

ရှေးဦးစွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်   စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်     လူမှုရေးဝန်ကြီး ဦးမျိုးအောင်၊  ပဲခူးတိုင်းဒေသကြီး   ပြန်ကြားရေးနှင့်    ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန   ဒုတိယညွှန်ကြားရေးမှူး ဦးစိုးပိုင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်တို့က     ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဘင်ခရာအဖွဲ့နှင့်ပန်းဖွားအဖွဲ့တို့ကို  ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းသား၊  ကျောင်းသူများက    ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့ သီချင်းဖြင့်   သီဆိုဖျော်ဖြေကြပြီး   သုတဝေဖြာမျှဝေရာ၊ ပညာဉာဏ်တိုက် စာကြည့်တိုက်  Video  Clip   ကိုပြသသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးမျိုးအောင်က အမှာစကားပြောကြားပြီး တောင်ငူမြို့နယ်အတွင်းရှိ ကျောင်းစာကြည့် တိုက်များအတွက်     စာအုပ်များ ပေးအပ်လှူဒါန်းရာ  ခရိုင်ပညာရေးမှူး   ဒေါက်တာ  နော်ဥမ္မာထွန်းက လက်ခံရယူသည်။

ယင်းနောက် တောင်ငူပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူများက လူချွန်လူကောင်းသီချင်း၊  တောင်ငူပညာရေးဒီဂရီကောလိပ်မှကျောင်းသား၊ ကျောင်းသူ များကအလှဆုံးပန်းများပွင့်ကြပြီသီချင်း၊  အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းမှ  ကျောင်းသူများက နွန်ဆွမ်ဆန်းဆီရှမ်းသီချင်းနှင့် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက  ဘက်စုံပညာကိုရည် တို့လှမ်းချီ သီချင်းတို့ဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး Sweet Family ကိုယ်ပိုင်အထက်တန်းကျောင်းမှ   ကျောင်းသူ တစ်ဦးက   ရိုးရာခြင်းအလှခတ်ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက်     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်  လူမှုရေးဝန်ကြီး  ဦးမျိုးအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ    ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊   ခရိုင်နှင့်မြို့နယ်အဆင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ကျောင်းသား၊  ကျောင်းသူများက ခင်းကျင်း ပြသထားသော စာအုပ်စာစောင်များ၊  ဌာနဆိုင်ရာပြခန်းများ၊ ဓာတ်ပုံပြပွဲများ၊ ပုံပြင်ပြောပြိုင်ပွဲ၊   စာစီစာကုံးပြိုင်ပွဲ၊   ဆေးရောင်ခြယ်ပြိုင်ပွဲ၊  ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊  ကျပန်းစကားပြောပြိုင်ပွဲနှင့်  ဂိမ်းပြိုင်ပွဲများကျင်းပနေမှုကို လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍  တာဝန်ရှိသူများက ပုံပြင်ပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့်    ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု (၁)၊ နှစ်သိမ့်ဆု  (၂)  ရရှိသည့်  ကျောင်းသား၊  ကျောင်းသူ များကို  ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။            

ချမ်းမြေ့

Dates: 
Monday, September 2, 2024 - 09:08