မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းအမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲကျင်းပ
နေပြည်တော် စက်တင်ဘာ ၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက်အသုံး
ပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းအမှတ်စဉ်(၂/၂၀၂၄)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တိုးချဲ့ရုံးအဆောက်အအုံ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးအောင်စောဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ နည်းပြများ၊ ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲမသမာမှုများ ထပ်မံမဖြစ်ပွားစေရေး စနစ်ဖြင့် ထိန်းချုပ်ဆောင်ရွက်နိုင်ရန် လိုအပ်သည့်အတွက် MEVM မဲပေးစက်နှင့် မဲစာရင်းပြုစုရာတွင် မှန်မှန်ကန်ကန်တိတိကျကျ ဖြစ်စေမည့် Admin DEO၊ CVLMS စနစ်များကို ရေးဆွဲဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့၌ မဲရုံတွင် မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုး သိမ်းဆည်းပုံ တို့ကို သင်ကြားပြသပေးမည်ဖြစ်ပြီး သင်တန်းသို့ တက်ရောက်ခြင်းဖြင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများကို ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချချိန်တွင် ကျွမ်းကျွမ်းကျင်ကျင် ညွှန်ကြားပြသနိုင်မည် ဖြစ်၍ ရွေးကောက်ပွဲတွင် မဲပေးစက်ဖြင့် မဲပေးခြင်းကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ထို့ပြင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြု၍ ရွေးကောက်ပွဲတွင် မဲပေးဆောင်ရွက်ခြင်းဖြင့် မဲဆန္ဒရှင်ပြည်သူများသည် လွယ်ကူလျင်မြန်စွာ သက်သောင့်သက်သာမဲပေးနိုင်မည်ဖြစ်ပြီး မဲရလဒ်များကိုလည်း တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ရရှိနိုင်မည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ သင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းကို စက်တင်ဘာလ ၂ ရက်မှ ၄ ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။