လွိုင်ကော်မြို့ ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် နေရာများသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ကွင်းဆင်းကြည့်ရှု

လွိုင်ကော်မြို့ ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် နေရာများသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ကွင်းဆင်းကြည့်ရှု

လွိုင်ကော်     စက်တင်ဘာ     ၂

ကယားပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်    တာဝန်ရှိသူများလိုက်ပါ၍  ယနေ့နံနက်ပိုင်းတွင် ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဝင်ရောက်လျက်ရှိသည့် နမ့်ကွတ်ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ ရေစီးကွေ့၊ ဒေါနိုးကူးတံတား၊ ရှမ်းပိုင်းတံတားနှင့် ကန္ဒရဝတီတံတားတို့၌ ဘီလူးချောင်းရေမြင့်တက်မှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နမ့်ကွတ်ရပ်ကွက်အတွင်းရှိ နေအိမ်အချို့၌ ဘီလူးချောင်းရေ ဝင်ရောက်မှု အခြေအနေများ၊  သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများက နေအိမ်များအတွင်း ရေထပ်မံမဝင်ရောက်နိုင်ရေးအတွက်  စီမံဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ကယ်ဆယ်ရေးလုပ်ငန်းများအတွက်   အသင့်ပြင်ဆင်ထားရှိသော မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက်    ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နမ့်ကွက်ရပ်ကွက် ရေစီးကွေ့၊ ဒေါနိုးကူးတံတား၊   ရှမ်းပိုင်းတံတား၊  ကန္ဒရဝတီတံတားတို့သို့  သွားရောက်၍    ဘီလူးချောင်းရေမြင့်တက်မှု အခြေအနေအား ကြည့်ရှု၍   ရေနစ်မြုပ်မှုမရှိရန်   ကာရံထားသည့် မြေထိန်းနံရံများ ကြံ့ခိုင်မှုရှိမရှိ၊ မြေထိန်းနံရံနေရာများနှင့် နေအိမ်များတွင် ဘီလူးချောင်းရေ ထပ်မံဝင်ရောက်မှု မရှိစေရေးအတွက် တပ်မတော်တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊  မီးသတ်တပ်ဖွဲ့များနှင့်  ရပ်ကွက်နေ ပြည်သူများက   သဲအိတ်များကာရံခြင်း၊ မြေထိန်းနံရံများပြုလုပ်ပေးခြင်း စုပေါင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ၂၄ နာရီ ရေကင်းစောင့်ကြည့်နိုင်ရေး၊ စိုးရိမ်ရေမှတ်ကျော်လွန်သည့် အခြေအနေရှိပါက အမိန့်စောင့်ဆိုင်းရန်မလိုဘဲ  အချိန်နှင့်တစ်ပြေးညီ     ပြည်သူများသို့ ကြေညာချက်ထုတ်ပြန် အသိပေး၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို   ချက်ချင်းတုံ့ပြန်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

လွိုင်ကော်မြို့အတွင်း     ဘီလူးချောင်း ရေမြင့်တက်မှုကြောင့်     ရပ်ကွက်လေးရပ်ကွက်ရှိ နေအိမ် ၁၄၄ အိမ်တွင် ရေဝင်ရောက်လျက်ရှိရာ ရေထပ်မံမြင့်တက်လာပါက ရွှေ့ပြောင်းပေးနိုင်ရေးအတွက် ယာယီခိုလှုံရေး စခန်းလေးခုစီမံ ဆောင်ရွက်ထားရှိပြီး ရေဘေးအန္တရာယ်ကျရောက်လာပါက စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ  ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ရုံးကို ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်း အတွင်း၌ ဖွင့်လှစ်ထားရှိကြောင်းနှင့် အရေးပေါ် အခြေအနေ ကျရောက်လာပါက ချက်ချင်း တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်  ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

Dates: 
Tuesday, September 3, 2024 - 03:57