သမိုင်း၀င်ဆံတော်ရှင် ကျိုက်သုတ်စေတီတော်မြတ်ကြီး၏ (၁၃၉)ကြိမ်မြောက် ဆေးပဋ္ဌာန်းလှူဒါန်းပွဲတွင် သံဃာတော်အပါး ၁၀၀၀၀ ကျော်အတွက် ဆေးဝါးနှင့် ၀တ္ထုငွေစုစုပေါင်းငွေကျပ်သိန်း ၁၃၀၀ကျော်လှူဒါန်း
မော်လမြိုင် စက်တင်ဘာ ၂
မော်လမြိုင်မြို့၏ ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကျိုက်သုတ်စေတီတော်မြတ်ကြီး၌ အစဉ်အလာမပြတ် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်မှစတင်၍ ဆေးပဋ္ဌာန်းပူဇော်ပွဲကို နှစ်စဉ်ကျင်းပခဲ့ရာ ယခု (၁၃၉)ကြိမ်မြောက် ဆေးပဋ္ဌာန်းလှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စေတီတော်မြတ်ကြီး၏ ဓမ္မာရုံတော်အတွင်း၌ ကျင်းပရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကျိုက်သုတ်စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖူးမြော် ကြည်ညို၍ ပန်း၊ ဆီမီးနှင့် ရေချမ်းတို့အား ကပ်လှူပူဇော်ခဲ့ကြပြီး (၁၃၉ )ကြိမ်မြောက် ဆေးပဋ္ဌာန်းလှူဒါန်းပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ဆံတော်ရှင် ကျိုက်သုတ်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ (ရွှေတောင်ကျောင်းဆရာတော်)ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြကာ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များမှ ပဋ္ဌာန်းဒေသနာတော်များရွတ်ဆိုပူဇော်ခဲ့ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များထံ ကျန်းမာရေးအတွက် “အာယုဒါန” ဆေးပစ္စည်းအလှူများနှင့် အလှူတော်ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ဝေဇယန္တာကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ (၁၃၉ )ကြိမ်မြောက် ဆေး ပဋ္ဌာန်းလှူဒါန်းပွဲကို မွန်ပြည်နယ် ၁၀ မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းပေါင်း ၁၁၀ တွင် သီတင်းသုံးတော်မူသော ဆရာတော်၊ သံဃာတော် အပါး ၁၀၀၀၀ ကျော်အား ဆေးဝါးနှင့် ဝတ္ထုငွေစုစုပေါင်း ငွေကျပ်သိန်း ၁၃၀၀ ကျော်ကို စေတနာရှင် သဒ္ဓါကြည်လင် ပါရမီရှင်များက သဒ္ဓါထက်သန်စွာ ပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)