မိမိကိုယ်ကိုဂုဏ်ယူစွာဖြင့် တာဝန်ထမ်းဆောင်

 

မိမိကိုယ်ကိုဂုဏ်ယူစွာဖြင့် တာဝန်ထမ်းဆောင်

မြန်မာ့သမိုင်းစဉ်တွင် တပ်မတော်၏အခန်းကဏ္ဍသည် အဓိကနေရာမှပါဝင်လျက်ရှိသည်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ‌ပေါ်ပေါက်လာခဲ့သောတပ်မတော်သည် လွတ်လပ်ရေးရရှိရေးအတွက်ကြိုးပမ်းခဲ့ရသကဲ့သို့ ရရှိလာသော လွတ်လပ်ရေးကြီး တည်တံ့ခိုင်မြဲစေရန်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

တပ်မတော်ကို ခေတ်မီတပ်မတော်တစ်ရပ်အဖြစ်တည်ဆောက်ရာတွင် တပ်မတော်(ကြည်း) တစ်ခုတည်း သာမကတပ်မတော်(လေ)နှင့် တပ်မတော်(ရေ)တို့၏ အင်အားနှင့်စွမ်းပကားများကိုလည်း မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။ (ကြည်း၊ ရေ၊ လေ) တပ်မတော်တစ်ရပ်လုံးဟန်ချက်ညီစွာ အင်အားနှင့် စွမ်းပကားများမြင့်မားနေမှသာ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေမည် ဖြစ်သည်။

တပ်မတော်သို့ ဝင်ရောက်လာကြသည့်  အရာရှိ၊  စစ်သည်များအားလုံးသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှ မပါရှိဘဲ မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်လာကြသူများ ဖြစ်သည်။

ကိုယ်တိုင်ဆန္ဒပြု ဝင်ရောက်လာသူများ ဖြစ်သည့်အတွက် အခြေခံအားဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်ပြီးသူများ ဖြစ်သည်။ တပ်မတော်သား ဖြစ်လာသည့်အခါ အားလုံးတွင် ကိုယ်စီအရည်အချင်းငါးရပ်နှင့် ပြည့်စုံအောင်ကြိုးစားကြရသည်။ စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှုဟူသော အခြေခံအရည်အချင်းများမှာ တပ်တိုင်း၊ ရဲဘော်တိုင်းတွင်ရှိရမည့် အခြေခံအရည်အချင်းများ ဖြစ်သည်။

တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သကဲ့သို့ တပ်မတော်သားများသည်လည်း ပြည်သူများ၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။ တပ်မတော်သားများသည် ပြည်သူများမှ ပေါက်ဖွားလာကြသူများဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို အသက်စွန့်၍ တာဝန်ထမ်းဆောင်ရန် သစ္စာဆိုတိုင်တည်ထားသည့် အဖွဲ့အစည်းဖြစ်သည်။ "ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏" ဆိုသည့် သစ္စာဆိုချက်အတိုင်း အသက်ကိုပင်စွန့်လွှတ်ထားသူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်၍ နိုင်ငံတော်ကာကွယ်ရေးအတွက် အမြင့်ဆုံးအဖွဲ့အစည်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဩဂုတ်လ ၃၁ ရက်နေ့က မှော်ဘီလေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားစဉ် "တပ်မတော်(လေ)အနေဖြင့် မြေပြင်တပ်ဖွဲ့ဝင်များ သယ်ယူပို့ဆောင်ရေးနှင့် အရေးကြီးစစ်ဆင်ရေးများတွင် လေကြောင်းပစ်ကူပေး တာဝန်များကို ဆောင်ရွက်ပေးရခြင်း ဖြစ်ပြီး မြေပြင်တပ်ဖွဲ့ဝင်များအတွက် များစွာအထောက်အကူပြုပေးနေသည့် တပ်ဖွဲ့ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်လည်း တပ်မတော်(လေ)ကို အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရာတွင် လေယာဉ်များကိုသာမက လိုအပ်သည့် စက်ပစ္စည်းများနှင့် အထောက်အကူပြု ပစ္စည်းများကို   ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လေကြောင်းစွမ်းပကားဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ချမှတ်ထားသည့် ကာကွယ်ရေးမူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် လေ့ကျင့်ခြင်းများကို စနစ်တကျ ဆောင်ရွက်နေရန်လိုပြီး တစ်ဦးချင်း၏ စွမ်းရည်နှင့်စိတ်ဓာတ်များ ကောင်းမွန်အောင်ဆောင်ရွက်ရန်လိုကြောင်း" ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်(လေ)ကို ခေတ်အဆက်ဆက် အဆင့်မြှင့်တင်တည်ဆောက်ပေးခဲ့ပြီး ခေတ်စနစ်နှင့်လျော်ညီသည့် လေယာဉ်၊ ရဟတ်ယာဉ်များကိုလည်း တပ်ဆင်ပေးထားပြီးဖြစ်သည်။ အာဆီယံနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် မြန်မာနိုင်ငံအနေဖြင့် ဂျက်တိုက်လေယာဉ်များကို စတင်အသုံးပြုခဲ့သည့်နိုင်ငံ ဖြစ်သည်။ လေယာဉ် ရဟတ်ယာဉ်များသာမက လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူအရာရှိ၊ စစ်သည်များကိုလည်း စဉ်ဆက်မပြတ် မွေးထုတ်လျက်ရှိပြီး အမျိုးသမီးအရာရှိများ အနေဖြင့် အမျိုးသားအရာရှိများနည်းတူ ပျံသန်းရေးတာဝန်များတွင် ထမ်းဆောင်နေပြီ ဖြစ်သည်။

တပ်မတော်(လေ)မှ ပျံသန်းရေး တာဝန်ထမ်းဆောင်နေသူများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် အသက်နှင့်ရင်း၍ တာဝန်ထမ်းဆောင်ရခြင်း ဖြစ်သဖြင့် အမှားခံ၍ရမည်မဟုတ်ပေ။ ထို့ကြောင့်လုပ်ငန်း တာဝန်များကို ထမ်းဆောင်ရာတွင် တစ်ဦးချင်း၏ အရည်အချင်းများ တိုးတက်မှုရှိစေရေး အမြဲမပြတ်လေ့ကျင့် ဆောင်ရွက်ရန်နှင့် သမားစဉ်လုပ်ငန်းများကို မှန်မှန်ကန်ကန်နှင့် တိတိကျကျ Check၊ Recheck၊ Counter check များဖြင့် ဆောင်ရွက်သွားကြရမည် ဖြစ်သည်။ နေ့စဉ်ဆောင်ရွက်နေရသည့် သမားစဉ်လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်နေမည် ဆိုပါက တစ်ဦးချင်းအရည်အချင်းများ ပြည့်ဝပြီး တာဝန် ထမ်းဆောင်မှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ လေ့ကျင့်သားပြည့်ဝနေမှသာလျှင် မိမိကိုယ်ကိုနှင့် မိမိလက်နက်အပေါ် ယုံကြည်စိတ်မြင့်မားနေမည် ဖြစ်သည်။  ယုံကြည်စိတ်မြင့်မားနေမှသာ  ရည်မှန်းချက် တာဝန်များကို အောင်မြင်အောင် ထမ်းဆောင်နိုင်မည် ဖြစ်သည်။

တပ်မတော်သားတို့သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နိုင်ရန်အတွက် စဉ်ဆက်မပြတ် လေ့ကျင့်နေကြရသည်။  လေ့ကျင့်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်နေမည်ဆိုပါက လုပ်ငန်းတာဝန်များကို အောင်မြင်စွာဖြင့် ထူးချွန်စွာဆောင်ရွက်နိုင်မည့် တပ်ဖွဲ့တစ်ခုဖြစ်လာမည်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်သည့်တပ်ဖွဲ့တစ်ခုဖြစ်လာပေမည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက်အမြင့်ဆုံးအဖွဲ့အစည်းဖြစ်၍ တပ်မတော်သား တစ်ဦးချင်းကလည်း မိမိကိုယ်ကိုဂုဏ်ယူ၍ တာဝန်ကိုထမ်းဆောင်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။        ။