ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ

ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ

နေပြည်တော်    စက်တင်ဘာ   ၃

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှုကော်မတီ အတွင်းရေးမှူး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိ၊ ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမနှင့်  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့’’ သီချင်းနှင့် အလှဆုံးပန်းများ ပွင့်ကြပြီ’’ သီချင်းတို့ဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြပြီး နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာ တိုးတက်စေရမည်  ဗီဒီယို Clip ကိုပြသသည်။

ယင်းနောက်  စာရေးဆရာ ရေနံ့သာမောင်ကျော်ညွန့်က စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဒုတိယဝန်ကြီး ဦးရဲတင့်တို့က စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်တွင် ပါဝင်လှူဒါန်းကြသည့် အလှူရှင်များနှင့် စာရေးဆရာရေနံ့သာ မောင်ကျော်ညွန့်တို့ထံ  ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကြသည်။

အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက စာအုပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများ၊  စာအုပ်အရောင်းဆိုင်များ၊ စာပေဆွေးနွေးပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲနှင့် ကာယစွမ်းရည်၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး    ကျောင်းသား၊ကျောင်းသူများထံ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

မွန်းလွဲပိုင်းတွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူများက စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ပြိုင်ပွဲများမှ ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို  ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ဖျော်ဖြေရေး တီးဝိုင်းအဖွဲ့က သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။