
မြစ်ကိုအလျားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
ဤတုံးကျီတောင်တန်းသည် နောင်တော်တောင် တန်းကြီးနှင့်ဆိုလျှင် တုံးကျီမြစ်ပြင်ကျယ်ကြီး၏ ဟိုဘက်ခြမ်း ဒီဘက်ခြမ်းပင်ဖြစ်သည်။ တုံးကျီသည် လည်း နောင်တော်နဲ့ခေတ်ပြိုင် မြန်မာနိုင်ငံလွတ်လပ် ရေးမရမီကပင် ရပ်ရွာတည်ထောင်ပြီး နေထိုင်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီးနောက်တွင် သူခိုး၊ ဓားပြတို့ ၏ရန်ကြောင့် ပြိုပျက်ခဲ့ရပြီး ကုက္ကိုရွာသို့ ပြောင်းရွှေ့သွားခဲ့ကြသည်။
တုံးကျီသင်္ဘောဆိပ်မှာ မြေပုံမြို့နယ်အဆုံးအနား သပ်သင်္ဘောဆိပ်ဖြစ်သည်။ ဤဆိပ်ကမ်းသည် ပင် လယ်ပြင်ထွက်ပေါက်လည်းဖြစ်သည်။ ကျောက်ဖြူ မြို့နယ်နှင့် မြေပုံမြို့နယ်တို့၏ ကြားစခန်းလည်းဖြစ် သည်။ ဤသင်္ဘောဆိပ်သည် မြေပုံမြို့နယ်အတွင်း ပင်လယ်ကမ်းခြေကျေးရွာများဖြစ်သော လူပျိုတောင် ရှည်ရွာ၊ ကုက္ကိုရွာ၊ တုံးကျီရွာ၊ နောင်တော်ရွာ၊ ငပသုန်ရွာ၊ ကျွန်းသာယာရွာ၊ ပြင်ချောင်းရွာ၊ ပြင်ဝန်းရွာ၊ အုန်း ချောင်းရွာသားများမှ မြို့ပြပြည်ရွာများသို့ သွားလို သည့်အခါ သင်္ဘောဖြင့်လိုက်ပါစီးနင်းနိုင်ရန်အတွက် အင်္ဂလိပ်တို့အုပ်စိုးစဉ်ကာလကပင် စီစဉ်ထားခဲ့ခြင်း ဖြစ်ပေသည်။ ဤရွာများမှာလည်း တုံးကျီသင်္ဘောဆိပ်နှင့် နီးသည်တော့မဟုတ်ပေ။ တစ်နေကုန်လှော်ခတ်သွားလာမှသာရောက်သည်။
ကျွန်တော် သင်္ဘောပေါ်က ဆင်းလိုက်ချိန်တွင် ကူးတို့လှေပေါ်၌ ကျွန်တော်တစ်ယောက်တည်းသာ ရှိသည်။ တခြားခရီးသည်များမှာ ကိုယ့်ရွာက လှေ ဖြင့်သာလာကြို၍ လိုက်ပါသွားကြပြီးဖြစ်သည်။ ကျွန်တော်သည် ကမ်းသို့တက်ပြီး ကူးတို့တဲကလေး မှာ ခဏနားပြီး ငပသုန်ရွာသို့ ပို့ခိုင်းလိုက်တော့သည်။
ငပသုန်ရွာသည် အဖေ၏ရွာဖြစ်သည်။ ကျွန်တော့် ချက်ကြိုးမြှုပ်ရာ ရွာလည်းဖြစ်သည်။ ကျွန်တော် ငယ်ငယ်က အဖေ မိမိဇာတိမြေကို လှေလှော်ပြီး သွားရာတွင် အဖေနဲ့အတူ နှစ်ကြိမ်တိတိရောက်ဖူး သည်။ ခုဆို မရောက်တာနှစ်အတော်ကြာပေပြီ။
သို့ဖြစ်၍ အဖေ၊ အမေတို့ ကျွန်တော့်ကို ဘာမပြောညာမပြော ရပ်ပြောင်းရွာပြောင်းပြုသွားကြသည်ကို ကျွန်တော်အံ့ဩခြင်းနှင့်အတူ စိုးရိမ်စိတ်လည်း ရှိနေခဲ့သည်။ ကျွန်တော် ရောက်လိုဇောနဲ့ လှော်တက် ကို ခပ်တင်းတင်းဆွဲခတ်လိုက်သည်။ ကူးတို့သည် လည်းလှော် ကျွန်တော်ကလည်း လှော်ဆိုတော့ ကူးတို့လှေ တော်တော်ပြေးအားကောင်းသွားသည်။
ငပသုန်မြစ်ဆိပ်သို့အရောက်တွင် ကျွန်တော်သည် ကူးတို့သည်ကို ကူးတို့ခပေးပြီး မြစ်ကမ်းခြေ အုန်းပင် တန်းကိုဖြတ်ကျော်ပြီး ရွာထဲသို့ဝင်လိုက်သည်။ နေဝင်ဆည်းဆာချိန် ဖြစ်သည့်အပြင် မရောက်တာလည်း ကြာပြီဖြစ်၍ ယောင်လည်လည်ဖြစ်နေမိသည်။ နောက်ဆုံး လမ်းဘေးမှာတွေ့သည့် အိမ်တစ်အိမ်သို့ဝင်ပြီး အကျိုးအကြောင်းကိုပြောပြီး အဖေနှင့်အမေ တို့ကို မေးကြည့်လိုက်၏။
"ဪ မောင်အေးစိန်သားကိုး ကျောက်ဖြူမြို့မှာ ကျောင်းနေတယ်ပြောတာလား"
"ဟုတ်ပါတယ်ခင်ဗျာ ကျောင်းပိတ်ပြီးလို့ အဖေနဲ့ အမေတို့ဆီ ပြန်လာတာပါ"
"ဟုတ်တယ် သူတို့တွေ ဒီရောက်ပြီး သူ့အစ်ကိုအိမ် မှာ တစ်ပတ်လောက်ပဲနေခဲ့တာလေ"
အသက်ခပ်ကြီးကြီးလူကြီး၏အပြောကို ရင်ခုန် မောလျစွာ ကျွန်တော်နားထောင်နေမိသည်။
"အဲဒါ သားရယ် သားတို့အဖေမှာ ဘိုးဘွားလက် ထက်ကပင် လယ်ကွက်တွေအမွေရှိတယ်ဆိုတဲ့ ရွာ ဟောင်းပြင်ဘက်မှာ တဲတစ်လုံးဆောက်ပြီး နေကြ လေရဲ့"
"တော်တော်လှမ်းလား"
"သုံးမိုင်လောက်တော့ ရှိလောက်တယ်"
"ကျွန်တော် ခု သွားလိုက်ချင်တယ် အဖေ၊ အမေ တို့ဆီ ဘယ်လိုသွားရမလဲဗျာ"
"ညလည်းမှောင်နေပြီ၊ လမ်းကလည်း သိပ်ကောင်း တာမဟုတ်ဘူး၊ ပင်လယ်ကမ်းခြေ ကျောက်တုံး
ကျောက်တန်းတွေကြားက သွားရတာမလွယ်ဘူး၊ သားတစ်ယောက်တည်းဆို အဆင်မပြေဘူး၊ ဒီကပဲ လိုက်ပို့ပေးမယ်နော်"
"အားနာစရာကြီးဖြစ်သွားပြီဗျာ"
"ရတယ် သား သားအဖေနဲ့ဦးက ဆွေမကင်း မျိုးမကင်းပါပဲ"
"ဦးရယ် ကျွန်တော့်စာအုပ်ထုပ်တော့ ဦးအိမ်မှာပဲ ခဏထားခဲ့ပါရစေ၊ ခရီးကလှမ်းတယ်ဆိုတော့ သယ်ရတာ အဆင်ပြေမယ်မထင်လို့ပါ"
"ရတယ်လေကွယ် ထားခဲ့ ထားခဲ့"
ကျွန်တော်သည် လူကြီး၏နောက်က လိုက်သွားလိုက်သည်။ အုန်းပင်တန်းသဲဖြူလမ်းနှင့် မြစ်ကမ်း စပ်ဘက် ဆင်းလိုက်ကြသည်။ မြစ်ရေပြင်ပေါ်က ယက်လှိုင်းများ ကမ်းစပ်တွင် ပြေးတက်ပြေးဆင်းပြု နေကြသည်။ မှောင်ရီပျိုးနေပြီဖြစ်၍ ဟိုးဝေးဝေးက မြစ်ပြင်ကျယ်ကြီးကို မြင်နိုင်လောက်သည့်အလင်း ရောင်ပင် မရှိတော့ပေ။ ၁၅ မိနစ်ခန့်လျှောက်လိုက် ချိန်တွင် ကမ်းခြေချိုင့်ဝှမ်းလိုနေရာသို့ ရောက်လာ သည်။ လှေတွေအများကြီးပဲ ကိုယ့်ချည်တိုင်လေးနဲ့ ကိုယ် အစီအရီရှိနေကြသည်။
"ဒါက လောင်းထားချိုင်လို့ခေါ်တယ်၊ လေကွယ် လှိုင်းကွယ်နေရာပေါ့။ ပိုက်နားချိန်တွေဆို လှေတွေ သိမ်းထားတဲ့နေရာပေါ့ကွယ်"
"ဟုတ်ကဲ့"
ကျွန်တော့်ရင်မှာ အဖေ၊ အမေတို့ဆီ ရောက်လိုစိတ်၊ ညီလေးတွေနှင့် ညီမလေးကို တွေ့ချင်စိတ်က ခပ် ပြင်းပြင်းလှုံ့ဆော်နေသည်။ သိပ်မကြာ ကျောက်တန်း တစ်ခုကို ကျော်ဖြတ်လိုက်ကြရသည်။
"ဒါကတော့ ကုလားမကျောက်တန်းလို့ ခေါ်တယ်ကွဲ့"
"ဪ ဟုတ်ကဲ့"
ကုလားမကျောက်တန်းဆိုသည့် နေရာကနေ ကျောက်တောင်မော်စွန်းတစ်ခုကို ကျော်လိုက်သည့် အခါ သဲဖြူလမ်းနှင့် အုန်းပင်တန်းကိုကွေ့ပြီး မြစ် ကမ်းခြေလှေဆိပ်တစ်ခုကိုပါ တွေ့လိုက်ရသည်။
"ဒီနေရာကိုတော့ ရွှေတူချိုင်လို့ခေါ်တယ်ကွဲ့၊ အုန်း ပင်တန်းရဲ့နောက်ကျောမှာ လယ်ကွင်းကလေးရှိတယ်"
ကျွန်တော့်မှာ ကိုယ့်မိသားစုဆီရောက်လိုစိတ်က ဆန္ဒစောနေပေရာ ဦးလေးကြီးနောက်က ဖဝါးခြေ ထပ်ဆိုသလို လိုက်ပါနေခဲ့သည်။
"ရွှေတူချိုင်" ဆိုသည့် ပင်လယ်ကမ်းစပ်ကနေရာ သို့ရောက်ချိန်တွင် ကဗျာသမား၊ စာသမား ကျွန်တော့် အသိထဲ အာရုံတစ်ခု ဖျတ်ခနဲဝင်ရောက်သွားသည်။
ဒီမှာ ငပသုန် ရွှေတူချိုင်၊ ဟိုမှာ ငပလီ ရွှေဝါချိုင်။
အကုန်လုံးပင်လယ်ကမ်းခြေ အရပ်ဒေသများပင် မဟုတ်ပါလော။ ဟိုမှာတော့ လူရည်ချွန်စခန်း၊ ဒီမှာ တော့ ရေတံငါတို့နားခိုရာ ရေတံငါစခန်း။ ငပလီ ရွှေဝါချိုင်ကတော့ သံတွဲမြို့ပြ၏ ပင်လယ်ကမ်းခြေ နေရာ။ ငပသုန်ရွှေတူချိုင်ကတော့ မြေပုံမြို့နယ်လေးထဲက မြို့ပြနဲ့အလှမ်းဝေးလွန်းသည့် ပင်လယ်ပြင်ကြီးထဲက ကျွန်းကလေး။
ဆက်လက်ဖော်ပြပါမည်။