သမ္မတပူတင်က မြောက်ကိုရီးယားသို့ တရားဝင်အလည်အပတ်သွားရောက်ရန်စီစဉ်ဟု ရုရှားပြော
မော်စကို၊ နိုင်ငံရေး
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မြောက်ကိုရီးယားနိုင်ငံသို့ တရားဝင် အလည်အပတ်ခရီး သွားရောက်ရန် စီစဉ်လျက်ရှိကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောကြားသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး သမ္မတပူတင်အား မြောက်ကိုရီးယားသို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ပက်စကော့က ပြောကြားသည်။ မြောက်ကိုရီးယား ခေါင်းဆောင်၏ ဖိတ်ခေါ်မှုကို သမ္မတပူတင်က ကျေးဇူးတင်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် ဆက်ဆံရေးကောင်းမွန်ခြင်းကို ထိန်းသိမ်းထားသည့် မိတ်ဖက် နိုင်ငံများဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က မြောက်ကိုရီးယားနိုင်ငံသို့ ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက သွားရောက် လည်ပတ်ခဲ့သည်။ အလားတူပင် မြောက်ကိုရီးယား နိုင်ငံခြား ရေးဝန်ကြီး ချိုဆွန်ဟွီးကလည်း ရုရှားနိုင်ငံသို့ ယခုနှစ် ဇန်နဝါရီလအတွင်း လာရောက်ပြီး နောက် သမ္မတပူတင်၏ တရားဝင်ခရီးစဉ်ပြင်ဆင်နေမှု ထွက်ပေါ်လာခြင်းဖြစ်သည်ဟု သိရသည်။
Ref: Sputnik