သွေးချိုဆီးချိုရောဂါရှိသူများ သတိပြုစရာ ဗီတာမင် B12 ချို့တဲ့ခြင်းပြဿနာ
ဗီတာမင် B12 သည် ကျန်းမာရေး အတွက် အရေးကြီးသော အာဟာရတစ်ခု ဖြစ်ပါသည်။ လူတို့၏ ခန္ဓာကိုယ်ရှိ အာရုံကြောများ ကျန်းမာသန်စွမ်းစေရန်၊ ဦးနှောက်၏ ပုံမှန်လုပ်ဆောင်ချက်များကို ထိန်းသိမ်းရန်၊ ကျန်းမာသော သွေးနီဥဆဲလ်များ လုံလောက်စွာ ထုတ်လုပ်ရန်နှင့် ဆဲလ်အားလုံးရှိ မျိုးရိုးဗီဇ ပစ္စည်းများကို ဖန်တီး ရန် ဗီတာမင် B12 လိုအပ်ပါသည်။ အမျိုး အစား (၂) သွေးချို ဆီးချိုလူနာများတွင် ဗီတာမင် B12 ချို့တဲ့လျှင် သွေးအားနည်းခြင်း၊ အာရုံကြော ထိခိုက်ပျက်စီးခြင်း တို့ဖြစ်နိုင်ပါသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် မှတ်ဉာဏ်လျော့ကျမှုကို တိုးမြင့်စေပြီး အာရုံကြော ဆိုင်ရာရောဂါ လက္ခဏာများကို ပိုမိုဆိုးရွားစေကြောင်း တွေ့ရှိရပါသည်။ သုတေသန မှတ်တမ်းများ အရ သွေးချိုဆီးချို ရောဂါကုသရာတွင် အသုံးပြုသော Metformin ဆေးကို ကြာရှည်စွာ သောက်ရသောလူနာများ၏ ၁၀ - ၃၀ ရာခိုင်နှုန်းသည် ဗီတာမင် B12 ချို့တဲ့ခြင်းလက္ခဏာများကို ခံစားနေရကြောင်း တွေ့ရှိရသည်။ Metformin ၁၅ဝဝ မီလီဂရမ်ကို လေးနှစ်ထက်ပိုသောက် သူများတွင် ဗီတာမင် B12 ချို့တဲ့မှုဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ပြင် ဗီတာမင် B12 လျော့နည်းသော အမျိုး အစား (၂) သွေးချိုဆီးချိုရောဂါရှိသူလူနာ များတွင် နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားမှုနှင့် ဆက်စပ်နေကြောင်း တွေ့ရ သည်။ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါရှိသူ အမျိုးသမီးများတွင် ဗီတာမင် B12 ချို့တဲ့ပါက ကလေးများတွင် အာရုံကြောချို့ယွင်း ခြင်း၊ ကြီးထွားဖွံ့ဖြိုးမှုနှေးကွေးခြင်းနှင့် သွေးအားနည်း ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။
ဗီတာမင် B12 ချို့တဲ့ရခြင်း၏ အကြောင်းရင်းများ
ဗီတာမင် B12 သည် ရေတွင်ပျော်ဝင် နိုင်သော ဗီတာမင်တစ်မျိုးဖြစ်ပြီး လူတစ်ဦး ၏သွေးထဲတွင် ပုံမှန်အားဖြင့် (၂ဝဝ မှ ၉oo pg/mL) ရှိရန်လိုအပ်ပါသည်။ သွေး ထဲတွင် B12 ပမာဏ ၂၀၀ pg/mL ထက်နည်းပါက ဗီတာမင် B12 ချို့တဲ့နေသည်ဟုသတ်မှတ်ပါသည်။ အစားအစာများတွင်ပါရှိသော ဗီတာမင် B12 ကို အစာအိမ်မှ ထုတ်လုပ်သည့် Intrinsic factor ဟုခေါ် သော ပရိုတင်းဓာတ် အကူအညီဖြင့် အစာ အိမ်နှင့် အူသိမ်အတွင်းမှ စုပ်ယူပါသည်။ ထို့ကြောင့် အစားအစာတွင် ဗီတာမင် B12 လုံလောက်စွာမပါရှိခြင်း၊ အစာအိမ် မှထုတ်လုပ်သည့် Intrinsic factor ဟု ခေါ်သော ပရိုတင်း ဓာတ်ချို့ယွင်းမှုကြောင့် ခန္ဓာကိုယ်မှကောင်းစွာစုပ်ယူနိုင်မှုမရှိခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများရှိနေခြင်းနှင့် ခွဲစိတ်ကုသထားခြင်း၊ အစာခြေလမ်းကြောင်းအတွင်း ဗက်တီးရီးယားများ ကြီးထွားနေခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်း၊ သက်သတ်လွတ်စားခြင်းတို့ကြောင့် ဗီတာမင် B12 ချို့တဲ့ခြင်းဖြစ်နိုင်ပါသည်။ ထို့ပြင် အချို့သောဆေးဝါးများ (ဥပမာ- Proton pumpinhibitors၊ H2 Receptor ကဲ့သို့သောအစာအိမ်မှထုတ်သော အက်စစ်ပမာဏကိုလျှော့ချရန် အသုံးပြုသော ဆေးဝါးများ၊ ဆီးချိုဆေး Metformin) ကို ကြာရှည်အသုံးပြုခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။
ဗီတာမင် B12 ချို့တဲ့ခြင်း၏ လက္ခဏာများ
ဗီတာမင် B12 ချို့တဲ့ခြင်းသည် အမျိုး အစား (၂) သွေးချိုဆီးချိုရောဂါရှိသူများ အတွက် အလွန်ဆိုးရွား သော နောက်ဆက်တွဲ ဆိုးကျိုးတစ်ခု ဖြစ်နိုင်ပါသည်။ အာရုံကြောဆိုင်ရာ လက္ခဏာများဖြစ်သည့် လက်နှင့်ခြေတို့တွင် ထုံကျဉ်ခြင်း သို့မဟုတ် ဆေးထိုးအပ်နှင့်ထိုးသကဲ့သို့ ခံစားရခြင်း၊ လမ်းလျှောက်ရန် သို့မဟုတ် စကားပြောရန်ခက်ခဲခြင်း၊ အမြင်အာရုံချို့ယွင်းခြင်းတို့ဖြစ်ပေါ်လာနိုင်ပြီး ပြန်ကောင်းနိုင်ခြေ နည်းပါးသဖြင့် စောစီးစွာ ရောဂါရှာဖွေ၍ အချိန်မီကုသရန် အရေးကြီးပါသည်။ အသက်ကြီးသူများတွင် မှတ်ဉာဏ်ကျဆင်းပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်တတ်သည်။ ဆီး၊ ဝမ်းမထိန်းနိုင်ခြင်း၊ ပန်းသေပန်းညှိုး ခြင်း၊ စိတ်တိုခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အမြင်အာရုံရှုပ်ထွေးခြင်း၊ အမူအရာပြောင်းလဲခြင်းတို့ ဖြစ်နိုင် သည်။
Megaloblastic Anemia သွေးအားနည်းရောဂါသည် ဗီတာမင် B12 ချို့တဲ့ခြင်း၏ အမှတ်အသား တစ်ခုဖြစ်ပါသည်။ ပါးစပ် သို့မဟုတ် လျှာနာခြင်း၊ ပင်ပန်းလွယ် ခြင်း သို့မဟုတ် အားနည်းခြင်းတို့ကိုခံစား ရခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း၊ ဆာလောင်မှုလျော့နည်းခြင်း၊ ကိုယ်အလေးချိန် ကျခြင်း၊ နှလုံးခုန် နှုန်းမြန်ခြင်းတို့ဖြစ်နိုင်ပါသည်။
ဗီတာမင် B12 ချို့တဲ့သော ရောဂါ ရှာဖွေခြင်းနည်းလမ်းများ
ဗီတာမင် B12 ချို့တဲ့ခြင်းလက္ခဏာများသည် တဖြည်းဖြည်းဖြစ်ပေါ်လာတတ်ပြီး အချိန်ကြာ လာသည်နှင့်အမျှ ပိုဆိုးလာ နိုင်သည်။ အချို့လူများ၏ခန္ဓာကိုယ်တွင် ဗီတာမင် B12 လျော့နည်းနေသော် လည်းရောဂါလက္ခဏာများ ဖြစ်ပေါ်ခြင်းမရှိကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ဗီတာ မင် B12 ချို့တဲ့ နိုင်ခြေရှိသူများကို သွေးစစ်ဆေးရာတွင် CP (Complete Blood Picture) နှင့် ဗီတာမင် B12 စစ်ဆေးရန် လိုအပ်သည်။
ယခုအခါ အမေရိကန် သွေးချိုဆီးချို ရောဂါအသင်း၏ ကုသရေးလမ်းညွှန်ချက်များတွင် Metformin သောက်နေသော သွေးချိုဆီးချိုလူနာများ၏ ဗီတာမင် B12 ပမာဏကို ပုံမှန်စစ်ဆေးရန်၊ အထူးသဖြင့် သွေးအားနည်းရောဂါ၊ အာရုံကြောရောဂါရှိသူများတွင် နှစ်စဉ် ဗီတာမင် B12 ပမာဏကို စစ်ဆေးရန် အကြံပြုထားပါသည်။
ဗီတာမင် B12 ချို့တဲ့သောရောဂါကုသမှုနည်းလမ်းများ
ပုံမှန်အားဖြင့် ဗီတာမင် B12 ချို့တဲ့ ခြင်းကို ဗီတာမင် B12 ထိုးဆေးဖြင့် ကုသ ခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ချို့တဲ့မှုဖြစ်စေသောအကြောင်းရင်း ပေါ်မူတည်၍ ဗီတာမင် B12 ပမာဏ ပုံမှန်ဖြစ် စေရန် ကုသရမည် သို့မဟုတ် တစ်သက်တာ ဗီတာမင် B12 ကုထုံးကိုခံယူရမည်ဖြစ်သည်။ ဗီတာမင် B12 ဖြည့်စွက်ဆေးများအနေဖြင့်
(၁) ဗီတာမင် B12 သောက်ဆေး။
(၂) ဗီတာမင် B12 အကြောထိုးဆေး၊ ကြွက်သားထဲသို့ ထိုးသောဆေး။
(၃) ဗီတာမင် B12 နှာခေါင်းအတွင်း ဖျန်းသောဆေးတို့ရှိပါသည်။ ဗီတာမင်ဖြည့်စွက်ဆေးများသည် ခွန် အားဖြစ်စေသော အာနိသင်ရှိသောကြောင့် ဗီတာမင် B12 ကို မနက်ခင်းတွင်သောက်လျှင် ပိုကောင်း ပါသည်။ သွေးထဲတွင် ဗီတာမင် B12 ပမာဏလျော့နည်းနေလျှင် သို့မဟုတ် ပြင်းထန်သောအာရုံကြော ဆိုင်ရာလက္ခဏာများရှိသော လူနာများ တွင် ဗီတာမင် B12 ထိုးဆေးဖြင့် ကုသရသည်။ ကုသမှု၏ အကျိုးသက်ရောက်မှုကို မြင်တွေ့ရန် အများစုတွင် လေးလမှ ခြောက်လခန့်အထိ ကြာနိုင်သော်လည်း ဆိုးရွားသောအခြေအနေများတွင် တစ်နှစ်အထိ ကြာမြင့်နိုင်ပါသည်။
ဗီတာမင် B12 ချို့တဲ့မှုကြိုတင်ကာကွယ်ရန် အကြံပြုချက်များ
၁။ Metformin ကိုရေရှည်သောက်နေသော သွေးချိုဆီးချိုလူနာများ၊ အသက် ၅ဝ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ သက်သတ်လွတ်စားသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ဗီတာမင် B12 ပါဝင်သော ဖြည့်စွက်အားဆေးများ (Multivitamin) ကို နေ့စဉ်သောက်ရန်လိုအပ်ပါသည်။
၂။ အရက်သောက်ခြင်းကိုရှောင်သင့် ပါသည်။
၃။ အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်ထားသောလူနာများသည် တစ်နေ့ လျှင် ဗီတာမင် B12 ၅ဝဝ မိုက်ခရိုဂရမ် သောက်သင့်ပါသည်။
၄။ အစာအိမ်နှင့်အစာခြေလမ်းကြောင်း ဆိုင်ရာရောဂါများရှိပါက ဆရာဝန်၏ညွှန် ကြားချက်များကို သေချာစွာလိုက်နာရန် လိုအပ်ပါသည်။
၅။ ဗီတာမင် B12 ပမာဏတိုးမြင့်စေ ရန် စားသင့်သောအစားအစာများမှာ အမဲသား၊ ကြက်သား၊ ဆယ်လ်မွန်ငါး၊ တူနာ ငါး၊ အဆီနည်းသောနို့၊ ဒိန်ချဉ်နှင့် ဒိန်ခဲ တို့ဖြစ်ပါသည်။
၆။ တစ်နေ့လျှင် နို့ သို့မဟုတ် နို့ထွက် ပစ္စည်း အနည်းဆုံး နှစ်ကြိမ်မှ သုံးကြိမ် စားသုံးသင့်ပါသည်။
၇။ ကြက်ဥပုံမှန်စားပေးပါ။ ကြက်ဥ ပြုတ်တစ်လုံး (၁ဝဝ ဂရမ်) တွင် ဗီတာမင် B12 ၁. ၁ မိုက်ခရိုဂရမ် ပါဝင်ပါသည်။ ကြက်ဥအနှစ်တွင် ဗီတာမင် B12 ပမာဏ ပိုများပြီး အူမှစုပ်ယူရန်ပို၍လွယ်ပါသည်။
၈။ ပဲပိစပ်၊ ပဲနို့၊ ဗာဒံစေ့၊ နေကြာစေ့၊ သီဟိုဠ်စေ့၊ ဖရုံစေ့၊ အာလူး၊ မှိုနှင့် ဗီတာမင် B12 ဖြည့်စွက်ထားသော ကောက်နှံအမျိုး မျိုးဖြင့်ပြုလုပ်ထားသည့် အစားအစာများကို ရွေးချယ်စားသုံးသင့်ကြောင်း ရေးသား လိုက်ရပါသည်။
ဒေါက်တာသိင်္ဂီကျော်