ပြည်သူတစ်ရပ်လုံး၏အားပေးထောက်ခံမှုနှင့်အတူ

ပြည်သူတစ်ရပ်လုံး၏အားပေးထောက်ခံမှုနှင့်အတူ

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို    စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက်  ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်သည့် သတင်းများကို  နိုင်ငံတစ်ဝန်းတွင် တွေ့မြင်နေရသည်။   ထိုမြင်ကွင်းများကို ကြည့်ခြင်းအားဖြင့် ပြည်သူလူထု၏တပ်မတော်အပေါ် ထားရှိသော စိတ်ရင်းစေတနာ အမှန်များကိုလည်း  ထင်ရှားစွာ တွေ့မြင်ရသည်။   အားပေးစကားများ၊ အားပေးသည့် စာကဗျာများ၊ သီချင်းများမှာလည်း အားတက်ဖွယ် ဖြစ်သည်။

မျက်မှောက်ကာလတွင်  ၂ဝ၂ဝ  ပြည့်နှစ်ရွေးကောက်ပွဲ၌ မဲမသမာမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြု၍ နိုင်ငံအတွင်း သာမန်ဆန္ဒပြရာမှ  မင်းမဲ့စရိုက်ဆန်သည့် ဆူပူလှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့သည်။  မဲမသမာမှုကြောင့် နိုင်ငံရေးအရ အရေးပေါ် အခြေအနေဖြစ်ပေါ်ခဲ့ခြင်းကို  နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းခြင်းမပြုလုပ်ဘဲ လက်နက်ကိုင်အကြမ်းဖက်သည့် နည်းလမ်းဖြင့် ဖြေရှင်းရန် လုပ်ဆောင်သည်မှာ  ပညာတတ်ဉာဏ်နှင့်စဉ်းစားချင့်ချိန်နိုင်မှုနည်းပါးခြင်းကြောင့်ဖြစ်ကြောင်း  တွေ့ရှိရသည်။  နိုင်ငံတော် အကျိုးကိုမကြည့်ဘဲ  လက်နက်ကိုင်အကြမ်းဖက်မှုများဖြင့် နိုင်ငံတော်၏ အနာဂတ်ကို ဖျက်ဆီး နေကြခြင်းပင် ဖြစ်သည်။  အဖျက်သမားဆိုသည်မှာ အဖျက်စိတ်သာရှိပြီး  နိုင်ငံ့မျက်နှာကို မကြည့်သူများ ဖြစ်သည်။

အကြမ်းဖက်သမားများက  တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ပြုလုပ်နေချိန်တွင် EAO  လက်နက်ကိုင်အဖွဲ့အချို့က ထိုအခြေအနေကို အခွင့်ကောင်းယူပြီး နယ်မြေချဲ့ထွင် သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလာကြသည်။  နိုင်ငံတော်အစိုးရ၏  ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး   တပ်မတော်လုံခြုံရေး စခန်းများကို အင်အားသုံး တိုက်ခိုက်ခဲ့သည်။  တည်ငြိမ်အေးချမ်းနေသော မြို့ရွာများကို စစ်ဘေးဒဏ်သင့်အောင် လုပ်ဆောင်ခဲ့သည်။  လမ်းတံတားများ၊  လူနေအိမ်များ၊  ဆေးရုံ၊  စာသင်ကျောင်းများ၊  ဘာသာရေး အဆောက်အအုံများကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်။  စစ်ဘေးရှောင်နှင့်ဒေသခံပြည်သူများကိုခြိမ်းခြောက်ပြီး  ကလေးသူငယ်များကို  အဓမ္မစစ်အတွင်းသွတ်သွင်းလျက်ရှိသည်။

ပြည်ပမှအမျိုးသားသစ္စာဖောက်များနှင့် ပြည်ဖျက်မီဒီယာများ ပူးပေါင်းပြီး တပ်မတော်အင်အား ချည့်နဲ့အောင်၊ ပြည်သူလူထုစိတ်မချမ်းမသာ ဖြစ်အောင် ဝါဒဖြန့်ချိရေးများ ပြုလုပ်လျက်ရှိသည်။ တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။  မြန်မာပြည်ကြီး တည်ငြိမ်အေးချမ်းရေးအတွက် အသက်၊  သွေး၊  ချွေးများရင်းနှီးပေးဆပ်ပြီး ကာကွယ်ပေးကြသည့် တပ်မတော် သားများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် မျိုးချစ်စိတ်ရှိသည့် ပြည်သူများမှာ  နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေသည့် သူရဲကောင်းများဖြစ်သည်။

တစ်နည်းအားဖြင့် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသော နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို  ကျေပွန်စွာ ထမ်းဆောင်နေကြသောသူများ ဖြစ်သည်။

တပ်မတော်သည်   လွတ်လပ်ရေးနှင့်အတူ   ပြည်သူများမှပေါက်ဖွားလာသည့် အဖွဲ့အစည်းဖြစ်သည်။  သမိုင်းကြောင်းအရ နယ်ချဲ့လက်အောက်မှ  လွတ်မြောက်ရေးကြိုးပမ်းရင်း  စတင်သန္ဓေတည်ခဲ့သည်။   မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင်   လွတ်လပ်သောနိုင်ငံပေါ်ပေါက်လာရန်  တိုက်ပွဲဝင်ခဲ့သည်။  လွတ်လပ်ပြီးနောက်တွင်လည်း အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်းသောင်းကျန်းမှု အန္တရာယ်၊  ပြည်ပကျူးကျော်မှုအန္တရာယ်များကို  အသက်၊  သွေး၊  ချွေးပေးဆပ်ပြီး  ကာကွယ်စောင့်ရှောက် ခဲ့သည်။ ပစ္စုပ္ပန်နှင့်အနာဂတ်တွင်လည်း ကာကွယ်စောင့်ရှောက်နေမည်သာ ဖြစ်သည်။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် သာမက လိုအပ်သည့်ကာလတိုင်းတွင် အမျိုးသားနိုင်ငံရေး တာဝန်အဖြစ်   အုပ်ချုပ်ရေး၊  တည်ဆောက်ရေး၊  တရားဥပဒေစိုးမိုးရေး တာဝန်များကိုပါ  ထမ်းဆောင် ပေးရသည်။ သမိုင်းကြောင်းတစ်လျှောက် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး ပျက်သုဉ်းလာချိန်တွင် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံမှုကို တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်မှာ တပ်မတော်သာ ဖြစ်သည်။ သောင်းကျန်းသူနှိမ်နင်းရေးသာမက မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများကိုလည်း အမျိုးသားရေးတာဝန်အဖြစ် စွန့်လွှတ်စွန့်စား ထမ်းဆောင်လျက်ရှိသည်။ 

တပ်မတော်၏ စွမ်းပကားမြင့်မားစေရန်၊   အစဉ်ရှင်သန်ထက်မြက်စေရန်၊   အရည်အသွေးရော  အရေအတွက်ပါ တိုးတက်ကောင်းမွန်စေရန်၊ တပ်မတော်သားများ၏  စိတ်ဓာတ်ခွန်အားများ မြင့်မားနေစေရန် ပြည်သူများက တစ်ခဲနက်အားပေးလျက်ရှိသည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်။ 

တိုင်းပြည်အင်အားရှိမှ ပြည်ထောင်စုကြီးထာဝရတည်တံ့ခိုင်မြဲမည်ဖြစ်သည်။  ပြည်ထောင်စုမပြိုကွဲရေး၊  တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို တပ်မတော်၏ ယုံကြည်ချက်၊  ခံယူချက်အဖြစ် သတ်မှတ်ပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်။ ထိုကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူအတွက် တရားသောစစ်ကို ဆင်နွှဲနေသော တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြည်သူတစ်ရပ်လုံးက အားပေးထောက်ခံဂုဏ်ပြုလျက် ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။